ယခု နွေဈေးကွက် အတွင်းမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ကနေ စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဆီ ပြောင်းရွှေ့လာခဲ့တဲ့ ပိုလန်ကြယ်ပွင့် တိုက်စစ်မှူး လီဝမ်ဒေါစကီးကတော့ ဘာစီလိုနာရဲ့ ဆုဖလားတွေ သိမ်းပိုက်မယ့် အချိန်ကို ရောက်လာပြီလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် ပိုလန်လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ် လီဝမ်ဒေါစကီးက ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ဘာစီလိုနာနဲ့ ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Marca

လီဝမ်ဒေါစကီးက လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး ၃ဦး စာရင်းဝင်သူ ဖြစ်တာကြောင့် သူအပါအဝင် ရာဖင်ဟာ ၊ ခရစ်တန်ဆန်နဲ့ ကတ်ဆေးတို့လို ထိပ်သီး ကစားသမားတွေကို ခေါ်ယူထားနိုင်တဲ့ ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေပါတယ်။

ဘာစီလိုနာဟာ စပိန်နိုင်ငံရဲ့ အအောင်မြင်ဆုံး အသင်းနှစ်သင်းထဲက တသင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၁၆လ အတွင်းမှာ ဆုဖလားတွေ ရယူထားနိုင်ခဲ့ခြင်း မရှိပဲ လီဝမ်ဒေါစကီးကတော့ ဘာစီလိုနာလို အသင်းမျိုးအတွက် ၁၆လ ဖလားလက်မဲ့ ဖြစ်ခဲ့ရတာဟာ ရှည်ကြာလွန်းတဲ့ အခိုက်အတန့် တခု ဖြစ်ပြီး သူတို့အသင်းက ဒီရာသီမှာ ဆုဖလားတွေကို သိမ်းပိုက်တော့မယ်လို့ မာကာသတင်းဌာနနဲ့ အင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Marca

လီဝမ်ဒေါစကီးက – “ကျွန်တော်ကတော့ ဘာစီလိုနာရဲ့ ဖလားလက်မဲ့ ကာလတွေဟာ ရှည်ကြာနေပြီလို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဆုဖလားတွေကို သိမ်းပိုက်နိုင်ပါတော့မယ်။ ဒါကို ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ ဘာစီလိုနာက ကျွန်တော့်ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အကြောင်းကို ပထမဦးဆုံး ကြားလိုက်ရတဲ့ အချိန်မှာပဲ ကျွန်တော်က အခုချိန်ဟာ ဘာစီလိုနာဆီ ပြောင်းဖို့ ကျွန်တော့်အတွက်ရော ၊ အသင်းအတွက်ပါ အကောင်းဆုံး ဖြစ်မယ့် အချိန်လို့ တွေးခဲ့ပါတယ်။ ကျွန်တော်က ကစားသမား ဘဝ တခုလုံးကို လိဂ်တခုထဲမှာ ကစားပြီး မကုန်ဆုံးချင်ပါဘူး။ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ဆိုရင် ကျွန်တော့်အတွက် အရာအားလုံးက အဆင်ပြေပါတယ်။ အဲ့ဒါက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အတွေ့အကြုံတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့ ကစားသမား ဘဝ အတွက် လာလီဂါပြိုင်ပွဲဆီ ခြေလှမ်းသစ် တခုအနေနဲ့ ပြောင်းရွှေ့သင့်တာကို သဘောပေါက်ခဲ့ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။