ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီး ကတော့ လာမယ့် နိုဝင်ဘာလ ၂၉ရက်နေ့မှာ ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုပေးပွဲမှာ သူ့ရဲ့ ကစားသမား ဘဝ ပထမဦးဆုံး အကြိမ် ရွှေဘောလုံးဆုကို ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကြောင့် ရွှေဘောလုံးဆုပေးပွဲကို ယမန်နှစ်မှာ ပြုလုပ်ခဲ့ခြင်း မရှိပဲ ယခုနှစ်မှသာ ပြန်လည် ကျင်းပခဲ့တာ ဖြစ်ပြီး ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ကစားသမားတွေ ကတော့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟို ၊ ပီအက်စ်ဂျီ တိုက်စစ်မှူး မက်ဆီ ၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာနဲ့ လီဝမ်ဒေါစကီးတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Euro Sports

အသက် ၃၃နှစ် အရွယ် ပိုလန် အသင်းခေါင်းဆောင် လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခု အတွင်းမှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမား ဖြစ်ပြီး သူဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ FIFA ကနေ ပေးအပ် ချီးမြှင့်တဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့သူပါ။

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခု အတွင်းမှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၈၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၃ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ကာ စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု ၁၂၂ဂိုး အထိ ရှိခဲ့ပါတယ်။

Photo Credit: Euro Sports

ဒါကြောင့်လည်း ယခုနှစ်ရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမား အဖြစ် လီဝမ်ဒေါစကီးက ရေပန်းစားနေတာ ဖြစ်ပြီး လီဝမ်ဒေါစကီးကလည်း သူ့ရဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ အတွင်း စွမ်းဆောင်ရည်တွေကြောင့် သူဟာ ရွှေဘောလုံးဆုကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ရွှေဘောလုံးဆုနဲ့ ပတ်သတ်ပြီး လီဝမ်ဒေါစကီးက – “ ရွှေဘောလုံးဆုကို ရယူနိုင်ချေ ရှိနေတာက ကျွန်တော့် အတွက် အဓိပ္ပါယ် အများကြီး ရှိပါတယ်။ ပြီးတော့ ဒီလိုအခြေအနေ အထိ ရောက်ခဲ့လို့ ဂုဏ်ယူမိပါတယ်။ တကယ်လို့ ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုထဲ မဟုတ်ပဲ ရှေ့တနှစ်ကိုပါ ချိန်ထိုးကြည့်ရင် ကျွန်တော်က ဆုဖလားတွေ အများကြီး ရထားသလို သွင်းဂိုးတွေလည်း အများကြီး သွင်းထားနိုင်တာကို မြင်ရမှာပါ။ ကျွန်တော်က ချန်ပီယံလိဂ် ရတယ်။ စူပါဖလား ရတယ်။ ကမ္ဘာ့ကလပ်ဖလား ရထားတယ်။ ဂတ်မူလာရဲ့ ၄၁ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တယ်။ ဒါတွေအားလုံး အတွက် ပျော်ရွှင်ကျေနပ်ခဲ့ရပါတယ်။ လူတိုင်းက ကျွန်တော် ဘာတွေ စွမ်းဆောင်နိုင်ခဲ့လဲ ဆိုတာနဲ့ ဘာတွေ ဆက်လုပ်နေလဲ ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်တွေက ရွှေဘောလုံးဆုနဲ့ ထိုက်တန်လား ၊ မထိုက်တန်ဘူးလား ဆိုတာကို ဆုံးဖြတ်ပေးနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ၂နှစ် အတွင်းမှာ ကျွန်တော် ရခဲ့တဲ့ အောင်မြင်မှုတွေက ထိပ်တန်းအဆင့် ကစားသမားတွေပဲ ရနိုင်တာမို့လို့ပါ” ဆိုပြီး ဖွင့်ဟ ပြောကြားခဲ့တာပါ။