ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပိုလန်ဂိုးမုဆိုကြီး တိုက်စစ်ကစားသမား ရောဘတ်လီဝန်ဒေါစကီးကို လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် ကစားသမားဖြစ်သူနဲ့ပင် သဘောတူညီမှု တစ်စုံတစ်ရာ ရယူထားနိုင်ခဲ့ပြီလို့ Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။
Photo Credit : Barvarian Football Works
Sport ရဲ့ ဖော်ပြချက်မှာတော့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးဟာ လာမယ့်နွေမှာ ဘိုင်ယန်နဲ့ လမ်းခွဲသွားချင်နေပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ စပိိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ လီဝန်ဒေါစကီးကို ခေါ်ယူဖို့အတွက် လီဝန်ဒေါစကီးနဲ့ Personal Agreed ရယူထားနိုင်ခဲ့ပြီဖြစ်ပြီး အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် လီဝန်ဒေါစကီးရဲ့ကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့သာ ဆက်လက်ညှိနှိုင်းသွားရတော့မှာ ဖြစ်တယ်လို့ Sport မှာ ဖော်ပြထားပါတယ်။
Photo Credit : Marca
အသက်(၃၃)နှစ်အရွှယ်ရှိ လီဝန်ဒေါစကီးဟာယ သူရဲ့ကစားသမားဘဝရဲ့ အချိန်တော်တော်များများကို ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာသာ ဖြတ်သန်းခဲ့တာဖြစ်ပြီး ဒေါ့မွန် ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကျင်လည်ခဲ့သလို ၂၀၁၀-၂၀၁၁ ဘောလုံးရာသီကနေ လက်ရှိ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီအထိ ဆယ်စုနှစ်တစ်ခု အကျော်အထိကို ဂျာမနီ ဘောလုံးနယ်ပယ်မှာ ကာလရှည်ကြာ ကျင်လည်နေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်ကတည်းက ဒေါ့မွန်ကနေ ဘိုင်ယန်ကို ရောက်ရှိလာခဲ့သူ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ ဘောလုံးရာသီ (၇)ရာသီအထိ ဖြတ်သန်းခဲ့ပြီဖြစ်ပြီး လက်ရှိမှာလည်း (၈)ရာသီမြောက်ကို ဆက်လက်ဖြတ်သန်းပေမယ့်လည်း ဒီရာသီအကုန်မှာတော့ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ လက်တွဲဖြုတ်ပြီး ကစားသမားဘဝကို အဆုံးမသတ်ခင် နယ်မြေသစ်တစ်ခုမှာ အတွေ့အကြုံအသစ်တွေကို ရှာဖွေသွားချင်နေတာ ဖြစ်ပါတယ်။ လီဝန်ဒေါစကီးလို ဂိုးသွင်းအား ကောင်းမွန်လျက်ရှိတဲ့ တိုက်စစ်မှူးမျိုးကို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေ အပြိုင်ခေါ်ယူချင်နေကြပြီး လီဝန်ဒေါစကီးကိုယ်တိုင်ကတော့ စပိန်မြေကိုသာ ပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ချင်နေတာကြောင့် လာမယ့်ရာသီမှာ လီဝန်ဒေါစကီးကို စပိန်လာလီဂါ ပြိုင်ပွဲအတွင်း ဘာစီလိုနာ ကစားသမားအဖြစ် မြင်တွေ့ရဖွယ် ရှိနေပါတယ်။