ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး လီဝန်ဒေါ့စကီးဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဝုဖ်ဘက်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး နှစ်ဂိုးစလုံးကို တစ်ဦးထဲ သွင်းယူပေးခဲ့ပြီး နောက်မှာတော့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ သွင်းဂိုး ၂၅၀ ပြည့်မြောက် သွားခဲ့ကြောင်း သိရပါတယ်။ အသက် ၃၂နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ပိုလန်သားကြီး လီဝန်ဒေါစကီးဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးအဖြစ် ဘောလုံးရေးရာ သုံးသပ်သူတွေရဲ့ ရှုမြင်ခြင်းကို ခံထားရသူ ဖြစ်သလို ပြီးခဲ့တဲ့ ရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် ပရိသတ်တွေရဲ့ သတ်မှတ်မှုကို ရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Sportbild

ဘိုင်ယန်မြူးနစ် အသင်းက အိမ်ကွင်းမှာ ဝုဖ်ဘက်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လီဝန်ဒေါစကီးဟာ အသင်းအတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲကစားချိန် ၄၇မိနစ်နဲ့ ၅၀မိနစ်တို့မှာ သွင်းယူ ပေးခဲ့တာပါ။ အဆိုပါ ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ် အသင်းဟာ ပွဲကစားချိန် ၅မိနစ်မှာ ကတည်းက ဧည့်သည် ဝုဖ်ဘက်အသင်းကို ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီး လီဝန်ဒေါစကီးရဲ့ သွင်းဂိုး နှစ်ဂိုးကြောင့်သာ အသက်ရှူချောင်ခဲ့တာလည်း ဖြစ်ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် ဘိုင်ယန်မြူးနစ် အသင်းဟာ အမှတ်ပေး ဇယားရဲ့ အဆင့်၂နေရာမှာ ဆက်လက် ရပ်တည်နေခဲ့ပြီး ထိပ်ဆုံးမှာ ရှိနေတဲ့ လေဗာကူဆင်အသင်းကို ရမှတ် ၁မှတ် အကွာကနေ တောက်လျှောက် ဖိအားပေး ထားနိုင်ခဲ့ပါတယ်။

Photo Credit: Sportbild

ဝုဖ်ဘက်အသင်းနဲ့ ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးကြောင့် လီဝန်ဒေါစကီးရဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲ မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ စုစုပေါင်း ၂၅၁ဂိုးအထိ ရှိလာခဲ့ပြီး လီဝန်ဒေါစကီးဟာ ဘွန်ဒက်လီဂါ ပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမား စာရင်းမှာ တတိယနေရာ အထိ ရောက်ရှိလာကြောင်း သိရပါတယ်။ ဒါပေမယ့် လီဝန်ဒေါစကီးဟာ ဂျာမန်သား မဟုတ်ပဲ ဘွန်ဒက်လီဂါပြိုင်ပွဲရဲ့ ထာဝရ ဂိုးသွင်းအများဆုံး နိုင်ငံခြားသား စာရင်းမှာတော့ ထိပ်ဆုံးကနေ ရပ်တည်နေကြောင်း မှတ်တမ်းတွေက ဆိုပါတယ်။ လီဝန်ဒေါစကီးဟာ အဆိုပါ သွင်းဂိုး ၂၅၁ဂိုး ရရှိဖို့ စုစုပေါင်း ၃၃၂ပွဲအထိ ကစားခဲ့ရပါတယ်။ လီဝန်ဒေါစကီး ဟာ အဆိုပါ သွင်းဂိုးတွေ အနက် ၇၄ဂိုးကို ဒေါ့မွန်အသင်းနဲ့အတူ ရှိနေစဉ်က သွင်းယူခဲ့တာ ဖြစ်ပြီး ၁၇၇ဂိုးကိုတော့ ဘိုင်ယန်မြူးနစ် အသင်းအတွက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။