ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပိုလန်အသင်းတို့ရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ ရောဘတ် လီဝန်ဒေါစကီးနဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အန်နာတို့ဟာ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်းလုံးကို ခြိမ်းခြောက်နေတဲ့ ကိုရိုနာဗိုင်းရပ် တိုက်ဖျက်ရေး အတွက် ဒေါ်လာ၁သန်း လှူဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ဝူဟန့်ပြည်နယ်ကနေ စတင်ပြီးတော့ ပျံ့နှံ့ကူးစက်နေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းဖြစ်တဲ့ WHOရဲ့ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခြင်းကို ခံထားရတဲ့ အထိ ပြင်းထန်တဲ့ ကူးစက်ရောဂါတစ်ခုဖြစ်လာပြီး ကမ္ဘာ့တိုက်ကြီးခြောက်တိုက်စလုံးကို ပျံ့နှံ့ ကူးစက်ထားပါတယ်။

Photo Credit: Express.com

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်ကို စတင်ပြီးတော့ ထိန်းချုပ်လာနိုင်ပြီ ဆိုပေမယ့် ဥရောပတိုက်မှာတော့ ယခုအချိန်မှ စတင်ပြီး အားကောင်းတဲ့ ကူးစက်ပျံ့နှံ့မှုတွေ ဖြစ်ပေါ်နေကာ နိုင်ငံများစွာကို ခြိမ်းခြောက်နေပါတယ်။ ကိုရိုနာဗိုင်းရပ်ကြောင့် နိုင်ငံပေါင်း များစွာရဲ့ သွင်းကုန် ၊ ထုတ်ကုန် လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့သလို ကျွန်တော်တို့ချစ်တဲ့ ဘောလုံး လောကဟာလည်း ခေတ္တရပ်နားထားရပါတယ်။ ဒါ့ကြောင့် အဆိုပါပြဿနာတွေကို ဖြေရှင်းဖို့ ဘောလုံးကြယ်ပွင့်တွေဟာ လှူဒါန်းမှုတွေ လုပ်ဆောင်နေပြီး လီဝန်ဒေါစကီးနဲ့ သူရဲ့ ဇနီးတို့ဟာ ဒေါ်လာတစ်သန်းဆိုတဲ့ ပမာဏကို လှူဒါန်းတဲ့ ပထမဦးဆုံး ဇနီးမောင်နှံပဲ ဖြစ်ပါတယ်။

Photo Credit: Express.com

သူတို့ရဲ့ လှူဒါန်းမှုအတွက် လီဝန်ဒေါစကီးနဲ့ သူ့ရဲ့ဇနီးတို့ဟာ လူမှုကွန်ယက်တွေပေါ်ကနေ ကြေညာသွားခဲ့တာဖြစ်ပြီး နောက်ထပ်လည်း လိုအပ်မှုတွေရှိလာပါက ထပ်မံလှူဒါန်းဦးမှာ ဖြစ်တယ်လို့ ပရိသတ်တွေကို ကတိပေးသွားခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ပရိသတ်တွေက လီဝန်ဒေါစကီးရဲ့ လုပ်ရပ်ကို သဘောကျနေပြီး ချီးကျူးပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။ လတ်တလောမှာတော့ လီဝန်ဒေါစကီးအပြင် အေစီမီလန်တိုက်စစ်မှူး အီဘရာဟီမိုဗစ် ၊ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ် ၊ ဂျူဗင်တပ်တိုက်စစ်မှူး စီရိုနယ်ဒိုစတဲ့ ကစားသမားတွေဟာ ထင်ရှားတဲ့လှူဒါန်းမှုတွေကို ပြုလုပ်ထားကြပြီး ပရီးမီးယားလိဂ်အသင်းတွေ ဖြစ်ကြတဲ့ မန်ယူ ၊ မန်စီးတီး ၊ ခရစ္စတယ်ပဲလေ့စ် ၊ ချယ်လ်ဆီးစတဲ့အသင်းတွေဟာလည်း သူတို့ တတ်နိုင်တဲ့ဘက်က လှူဒါန်းမှုတွေ ပြုလုပ်ထားကြပါတယ်။