ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းက လစ်လပ်နေတဲ့ နည်းပြချုပ်ရာထူး အတွက် မကြာသေးမီကမှ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံထားရတဲ့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

စပါးက ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ကြုံတွေ့ခဲ့ရသလို အသင်းတွင်း စည်းလုံးမှု ပြိုကွဲနေတာကြောင့် အသင်းရဲ့ နည်းပြချုပ် ကွန်တီကို ရာထူးကနေ ထုတ်ပယ်ကာ လက်ထောက်နည်းပြ စတယ်လီနီကို ယာယီနည်းပြ အဖြစ် ခန့်အပ်ထားပါတယ်။

Photo Credit: Football London

ဒါပေမယ့် စတယ်လီနီရဲ့ လက်အောက်မှာလည်း စပါးရဲ့ ခြေစွမ်းပိုင်းက ထင်ထားသလို မတိုးတက်လာသလို တယောက်လျော့နဲ့ အချိန်အကြာကြီး ကစားခဲ့ရတဲ့ အဲဗာတန်ကိုတောင် သရေကျခဲ့တာကြောင့် စပါးရဲ့ တာဝန်ရှိသူတွေက နည်းပြသစ်ကို ခပ်မြန်မြန်ပဲ ရှာဖွေနေပါတယ်။

လက်ရှိမှာတော့ စပါးရဲ့ တာဝန်ရှိသူတွေက ဘိုင်ယန်မြူးနစ် နည်းပြဟောင်း နာဂယ်စမန်းနဲ့ ဘာစီလိုနာ နည်းပြဟောင်း အင်းနရစ်တို့ကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် နည်းပြနှစ်ဦးစလုံးက စပါးထက် ချယ်လ်ဆီးနဲ့ ပီအက်စ်ဂျီတို့လို ဘဏ္ဍာရေးအင်အား တောင့်တင်းတဲ့ အသင်းတွေဆီသာ ပြောင်းရွှေ့ချင်နေတာကြောင့် စပါးက နည်းပြသစ် ရှာဖို့ ခက်နေပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ စပါးဥက္ကဌ လီဗိုင်းက နည်းပြသစ် ရှာဖွေမှုမှာ သူ ကိုယ်တိုင် ပါဝင်ဖို့ စဉ်းစားနေပြီး လီဗိုင်းဟာ ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာကို သဘောကျသူ ဖြစ်တာကြောင့် လီဗိုင်းသာ နည်းပြသစ် ရှာဖွေမှုကို တာဝန်ယူခဲ့ရင် ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနိုင်ကြောင်း သိရပါတယ်။

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ပြီးနောက် လက်စတာရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပေမယ့် စပါးကသာ သူ့ကို ကမ်းလှမ်းလာမယ် ဆိုရင် စပါးဆီ ပြောင်းဖို့ ခေါင်းညိတ်နိုင်ကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။