MySport Myanmar

စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံရင် ဟယ်ရီကိန်းအား ရောင်းချသွားနိုင်တဲ့ စပါး

တော့တင်ဟမ်ဟော့ စပါးအသင်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းကို တခြား ကလပ်အသင်းတွေဆီ ရောင်းချခြင်း မပြုပဲ အသင်းမှာသာ ဆက်လက် ထားရှိဖို့အတွက် မြင့်မားလှတဲ့ တစ်ပတ်လုပ်ခမျိုးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့ပါတယ်။

ဒါပေမယ့် ကိန်းဘက်က အဲ့ဒီ ကမ်းလှမ်းမှုကို လက်မခံလာဘူး ဆိုရင်တော့ အခု ဈေးကွက်အတွင်းမှာပဲ အသင်းကနေ ရောင်းချလိုက်သင့်တယ်လို့ စပါးအသင်း ပိုင်ရှင် ဂျိုး လူးဝစ်က အသင်း ဥက္ကဌ ဒန်နီရယ် လီဗီးကို အသိပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Bavarian Football Works

စာချပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းကို ပရီးမီးယားလိဂ်က ချယ်လ်ဆီး မန်ယူနိုက်တက်အသင်းတွေသာမက ပီအက်စ်ဂျီ ဘိုင်ယန်မြူးနစ်တို့လို အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး လတ်တလောမှာဆိုရင်တော့ ဘိုင်ယန်က ကိန်းကို စိတ်အဝင်စားဆုံး ဖြစ်နေပါတယ်။

ဟယ်ရီကိန်း ကိုယ်တိုင်ကလည်း ကစားသမားဘဝရဲ့ အကောင်းဆုံး အချိန်တွေမှာ ဆုဖလားတွေနဲ့ အလှမ်းဝေးနေမှုကို အဆုံးသတ်ဖို့အတွက် ဘိုင်ယန်မြူးနစ်လို ဖလား အာမခံချက်ရှိတဲ့ ကလပ်အသင်းကြီးဆီ ပြောင်းရွှေ့ချင်နေပြီး စပါးအသင်းဘက်ကတော့ ဒါကို လက်မခံပေးနိုင်တဲ့အပြင် ကိန်းကိုလည်း ဘိုင်ယန်အသင်းဆီ ရောင်းချဖို့ နေနေသာ အသင်းမှာ နှစ်ရှည် ဆက်လက် ထိန်းသိမ်းသွားဖို့အထိပါ စီစဉ်လာခဲ့ပါတော့တယ်။

Photo Credit : Sky Sports

ဒါပေမယ့် ဟယ်ရီကိန်းကတော့ ၂၀၂၄ ဇွန်လ ကုန်ဆုံးတော့မယ့် သူရဲ့ စာချုပ်သက်တမ်းကို တိုးမြှင့်သွားဖို့ အစီအစဉ် မရှိပဲ တကယ်လို့ သူ့ကို အခုနွေမှာ အသင်း တစ်သင်းသင်းဆီ ရောင်းချခြင်း မပြုခဲ့ရင်တောင် လာမယ့်နှစ် နွေမှ သူ စိတ်ကြိုက် ကလပ်အသင်း တစ်ခုဆီကို အလွတ်နဲ့ ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

ဒါကြောင့် စပါးအသင်း ပိုင်ရှင်ဖြစ်သူ လူးဝစ်က ဟယ်ရီကိန်းသာ စာချုပ်သစ် ကမ်းလှမ်းမှုကို လက်မခံဘူးဆိုရင် စပါး ဥက္ကဌ လီဗီးအနေနဲ့ ခေါင်းမာမနေသင့်တော့ပဲ လက်ခံနိုင်လောက်မယ့် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ တစ်ခါတည်း ရောင်းချသွားသင့်တယ်လို့ အသိပေးလိုက်ပါတယ်။ ဒါဟာ ဘိုင်ယန်အတွက်တော့ သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပြီး လာမယ့် ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ ပြုလုပ်လာဖို့လည်း ရှိနိုင်ပါတယ်။

Exit mobile version