ဥရောပစူပါဖလားချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်ထားနိုင်ရုံမကပဲ အခုလည်း အေစီမီလန် ဘာစီလိုနာအသင်းတို့နဲ့အတူ ဥရောပစူပါဖလားရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ်နဲ့ပါ ပူးတွဲရပ်တည်နိုင်ခဲ့ပြီးနောက် အသင်းရဲ့ အနာဂတ်မှာ အားထားရနိုင်မယ့် အရည်အသွေးမြင့် ဆယ်ကျော်သက်အရွယ် လူငယ်ကစားသမားလေး တစ်ဦးကိုပါ အသင်းဆီ အရောက် ခေါ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

အသက်(၁၇)နှစ်အရွယ်ရှိ ဆယ်ကျော်သက် စပိန်လူငယ် တိုက်စစ်ကစားသမားလေး အီကယ်ဘရာဗိုဟာ ၂၀၁၀ခုနှစ်ကမှ ဘာစီလိုနာအသင်းရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာမှာ ဘောလုံးပညာတွေကို ဆည်းပူးခဲ့ပြီး (၁၁)နှစ်အကြာမှာ လေဗာကူဆင်အသင်းဆီ ရောက်ရှိခဲ့ပြီး လေဗာကူဆင် လူငယ်အသင်းအတွက် စတင်ကစားခွင့် ရရှိခဲ့သလို စီနီယာအသင်းအတွက်ကိုလည်း ပွဲ(၂)ပွဲခန့် ကစားခွင့် ရထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက လေဗာကူဆင် စီနီယာနဲ့ လူငယ်အသင်းတွေအတွက် စုစုပေါင်း (၁၉)ပွဲ ကစားထားပြီး (၁၀)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဘရာဗိုဟာ အခုဆိုရင် လေဗာကူဆင်ကနေ သူရဲ့ မွေးရပ်မြေ စပိန်ကိုပြန်ကာ စပိန်ရဲ့ အထင်ကရကလပ် ရီးယဲလ်ဆီ ပြောင်းရွှေ့နိုင်တော့မှာပဲ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

စပိန် ယူ-၁၇အသင်းအတွက် အကောင်းဆုံး ထွန်းတောက်နိုင်ခဲ့တဲ့ ဆယ်ကျော်သက် တိုက်စစ်ကစားသမားလေး ဘရာဗိုဟာ လေဗာကူဆင်ကို တစ်ရာသီ ဖြတ်သန်းပြီးတဲ့နောက် လာလီဂါကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိလာခဲ့ရပြီး အဓိကတော့ မက်ဒရစ်မြို့ အခြေစိုက် ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးယဲလ်နဲ့ အသက်လက်တီကိုအသင်းတွေက အပြိုင်စိတ်ဝင်စားလာခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့သာ ဆုံးဖြတ်ခဲ့ပြီး ရီးယဲလ်နဲ့ စပိန် ဂန္တဝင် ကစားသမားကြီး ရာအူးလ်ဂွန်ဇာလက် ကိုင်တွယ်နေတဲ့ ရီးယဲလ်လူငယ်အသင်းဆီ အရင် ပူးပေါင်းဖွယ် ရှိနေပါတယ်။ ဒီအပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး စပိန်နာမည်ကျော် ဂျာနယ်လစ် ဂျရတ်ရိုမဲရိုးက ရီးယဲလ်အနေနဲ့ ဘရာဗိုကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းနဲ့ အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပြီြုဖစ်ကြောင်း ဖော်ပြခဲ့သလို ဘရာဗိုကလည်း ရီးယဲလ်မက်ဒရစ် ကစားသမား ဖြစ်လာခဲ့ရပြီလို့ ဖော်ပြခဲ့ပါတယ်။