မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ လာမယ့်ရာသီမှာ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဒီအပြောင်းအလဲက ဖာဘရီဂတ်ဟာ လက်ရှိ သူကိုင်တွယ်နေတဲ့ အီတလီကလပ် ကိုမိုမှာ ဆက်ရှိနေခဲ့ရင်သာ ဖြစ်လာမှာပါလို့ ဆိုပါတယ်။
နာမည်ကျော် ဘောလုံးသတင်းထောက် ပလက်တန်ဘာ့ချ်ရဲ့ ဖော်ပြချက်အရ လေဗာကူဆင်အသင်းဟာ အသင်းကနေ ထွက်ခွာသွားတော့မယ့် ဇာဘီ အလွန်ဆိုရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် စပိန် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကို ခန့်အပ်ဖို့အတွက် ကိုမိုအသင်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမဲ့ ကိုမိုကတော့ သူတို့နည်းပြ ဖာဘရီဂတ်စ်ကို ထွက်ခွာခွင့်ပေးဖို့ တွန့်ဆုတ်နေတယ်လို့ သိရပါတယ်။
Photo Credit : Goal
ဒီအခြေအနေကြောင့် ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင်ဟာ တကယ်လို့ ဖာဘရီဂတ်စ်ကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အရန်သင့်အဖြစ် ဒုတိယ ဦးစားပေးစာရင်းမှာ ထည့်သွင်းထားတဲ့ နည်းပြ အဲရစ် တန်ဟက်ကိုသာ ခန့်အပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
ဒတ်ချ်လူမျိုး နည်းပြ တန်ဟက်ဂ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလက ယူနိုက်တက်အသင်းကို ရာသီအစ (၉)ပွဲမှာ (၃)ပွဲပဲ နိုင်ခဲ့လို့ ယူနိုက်တက်ကနေ ထွက်ခွာခဲ့ပြီးနောက်ပိုင်း အသင်းလက်မဲ့ ဖြစ်နေပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ယူနိုက်တက်ရဲ့ ခြေစွမ်းကျဆင်းမှုတွေက ဆက်ရှိနေသေးတာမို့ ဒါဟာ တန်ဟက်ဂ် တစ်ဦးတည်း ပြဿနာ မဟုတ်ဘူးဆိုတဲ့အချက်ကို ပိုပြီး ထင်ရှားစေခဲ့ပါတယ်။
Photo Credit : Goal
လေဗာကူဆင်အသင်းရဲ့ အားကစား ဒါရိုက်တာ Simon Rolfes ကတော့ နည်းပြသစ် ခန့်အပ်မှုနဲ့ ပတ်သက်ပြီး ပြောကြားရာမှာ “ဘယ်နည်းပြ(သူတို့ ဆက်သွယ်ထားတဲ့ နည်းပြများကို ရည်ညွှန်း)ကမှ ကျွန်တော်တို့ကို ငြင်းဆန်ခြင်း မရှိပါဘူး။ ကျွန်တော်တို့ နောက်ဆုံးအဆင့်တွေကို ရောက်နေပြီလို့ ယုံကြည်ပါတယ်။ မေလအတွင်းမှာပဲ အပြီးသတ် ခန့်အပ်သွားမှာ သေချာပါတယ်။” လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
လေဗာကူဆင်အသင်းဟာ နည်းပြသစ်ခန့်အပ်မှုကို မကြာခင် အပြီးသတ်ဖို့ ရည်ရွယ်ထားပြီး ဒါဟာ ဇာဘီ အလွန်ဆိုရဲ့ အသင်းဖော်ဟောင်း ဖာဘရီဂတ်စ် ဖြစ်မလား ဒါမှမဟုတ် ယူနိုက်တက် နည်းပြဟောင်း တန်ဟက်ဂ်ပဲ ဖြစ်မလားဆိုတာကတော့ အခု မေလကုန်ခါနီးမှာပဲ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။