ဒီရာသီမှာ ဘွန်ဒက်စ်လီဂါနဲ့ ပိုကယ်ဖလားဖလားတွေကို သိမ်းပိုက် ရယူနိုင်ခဲ့တဲ့ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်အသင်းဟာ လာမယ့်ရာသီအတွက် အားဖြည့်တင်းမှုအဖြစ် ဂျီရိုနာက ကွင်းလယ်ကစားသမား အလက်ဆစ် ဂါဆီယာကို ခေါ်ယူနိုင်တော့မှာပဲ ဖြစ်ပါတယ်။

၂၀၂၃-၂၄ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ (၁)ပွဲတည်းသာ ရှုံးနိမ့်ခဲ့တဲ့အထိ အံ့မခန်း စွမ်းဆောင်မှုတွေကို ဖော်ဆောင်နိုင်ခဲ့တဲ့ လေဗာကူဆင်အသင်းဟာ လာမယ့်ရာသီမှာပါ အကောင်းဆုံးပုံစံကို ဆက်လက် ပြသနိုင်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ဆောင်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : ESPN

အသင်းနည်းပြ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင် နည်းပြဘဝ နောက်ဆုံးရာသီ ဖြစ်လာနိုင်မယ့် ၂၀၂၄-၂၅ ဘောလုံးရာသီသစ်အတွက် ကြိုတင် ပြင်ဆင်မှုတစ်ရပ်အနေနဲ့ ဒီရာသီ စပိန်လာလီဂါမှာ စွမ်းဆောင်ရည် အကြမ်းဆုံး ဖြစ်နေတဲ့ ဂျီရိုနာအသင်းရဲ့ စပိန် ကွင်းလယ်ခံစစ် ကစားသမား ဂါဆီယာကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် ကွင်းလယ်လူ ဂါဆီယာဟာ ဗီလာရီးယဲလ်မှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး မန်စီးတီးအသင်းဆီလည်း ၂၀၁၅ခုနှစ်က ရောက်ရှိခဲ့ပါသေးတယ်။ မန်စီးတီးမှာတော့ ပွဲအနည်းငယ်လေးသာ ပါဝင်ခဲ့ရတဲ့ ဂါဆီယာဟာ ဂျီရိုနာနဲ့ ဘယ်လ်ဂျီယံ ကလပ်တွေထိ အငှားထွက် ကစားခဲ့ပြီး ၂၀၂၀ခုနှစ်မှာပဲ ရိုမေးနီးယား ကလပ်ဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : Opta Analyst

အဲ့ဒီကနေ အီဘာနဲ့ ဂျီရိုနာဆီ ထပ်မံ ပြောင်းရွှေ့ခဲ့တဲ့ ဂါဆီယာက သူရဲ့ ဂျီရိုနာ ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ အသင်းကို လာလီဂါပြိုင်ပွဲဆီ ပို့ဆောင်နိုင်ခဲ့ပြီး အခုလည်း ဂျီရိုနာကို အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ဥရောပ ချန်ပီယံလိဂ်ဖလားပြိုင်ပွဲကြီးမှာ ပါဝင်ဆင်နွဲန်ိုင်အောင်ပါ စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကွင်းလယ်လူ ဂါဆီယာကို ဥရောပ ထိပ်တန်းကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားနေကြတုန်း လေဗာကူဆင်က လက်ဦးမှု ရယူနိုင်ခဲ့ပြီး ကစားသမားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အပြောင်းအရွှေ့ အပြီးသတ်နိုင်ဖို့အတွက် ဂျီနိုအာအသင်းနဲ့ပါ သဘောတူညီမှု ရရှိဖို့ လိုအပ်နေသေးပြီး လေဗာကူဆင်ကတော့ ဂါဆီယာအတွက် ပြောင်းရွှေ့ကြေး ယူရို(၁၅)သန်းနဲ့ ယူရိုသန်း(၂၀)ဝန်းကျင်ခန့်အထိ အသုံးပြုဖွယ် ရှိနေပါတယ်။