MySport Myanmar

ယူရိုပါလိဂ်မှာ ရှုံးထွက်အဆင့်ဆီ ပထမဦးဆုံး တက်နိုင်တဲ့အသင်း ဖြစ်လာတဲ့ လေဗာကူဆင်

2T17KA9 Bundesliga, BayArena Leverkusen; Bayer Leverkusen vs 1. FC Koln; Headcoach Xabi Alonso (LEV)

ဥရောပ ထိပ်သီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ လီဗာပူးနဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဇာဘီ အလွန်ဆို ဦး​ဆောင်နေတဲ့ လေဗာကူဆင်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် အုပ်စု စတုတ္ထပွဲစဉ်မှာ ပြိုင်ဘက် ကာရာဘက်ကို အဝေးကွင်းမှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ဆီ ပထမဦးဆုံး တက်ရောက်နိုင်တဲ့အသင်း အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

လေဗာကူဆင်က ဒီရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကာရာဘက် ၊ မိုဒီ ၊ ဟက်ခ်ကန် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စု ပထမအကျော့ ၃ပွဲစလုံးကို အနိုင်ရရှိခဲ့သလို အုပ်စု ဒုတိယအကျော့ရဲ့ ပထမဦးဆုံးပွဲ ဖြစ်တဲ့ ကာရာဘက်နဲ့ ပွဲမှာလည်း အနိုင်ရလဒ်ကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့် လေဗာကူဆင်က အုပ်စုပွဲ ၄ပွဲ ကစားပြီးချိန်မှာ ၄ပွဲစလုံး အနိုင်ရခဲ့ပြီး ရမှတ် ၁၂မှတ် အထိ စုဆောင်းနိုင်ခဲ့သလို ဒုတိယနဲ့ တတိယနေရာတွေမှာ ရှိနေတဲ့ ကာရာဘက်နဲ့ မိုဒီတို့ကို ရမှတ် ၆မှတ် အထိ ဖြတ်တောက်နိုင်ခဲ့တာကြောင့် ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖို့ သေချာသွားခဲ့တာပါ။

အလွန်ဆိုရဲ့ လေဗာကူဆင်က ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၄ပွဲ ကစားခဲ့ရာ သွင်းဂိုး ၁၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၂ဂိုးသာ ရှိခဲ့တာကြောင့် တပွဲပျမ်းမျှသွင်းဂိုး ၃ဂိုး အထိ သွင်းယူထားခဲ့ကာ တပွဲပျမ်းမျှပေးဂိုးကလည်း ၀.၅ဂိုးသာ ရှိခဲ့ပါတယ်။

Photo Credit: OPTA Analyst

ဒါ့အပြင် လေဗာကူဆင်က ပြည်တွင်းပြိုင်ပွဲ ဖြစ်တဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲမှာလည်း ၁၀ပွဲ ကစားထားရာ ၉ပွဲနိုင် ၊ ၁ပွဲသရေ ဆိုတဲ့ ရလဒ်ကောင်း တခုနဲ့အတူ ရမှတ် ၂၈မှတ် အထိ စုဆောင်းထားနိုင်ခဲ့တာကြောင့် အဆင့်(၁)နေရာကို သိမ်းပိုက် ရရှိထားပါသေးတယ်။

လေဗာကူဆင်က ဒီရာသီမှာ ခြေစွမ်းပိုင်း အတော်လေး တည်ငြိမ်နေသလို ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းရော ၊ စည်းလုံးမှုပိုင်းမှာပါ ကောင်းနေတာကြောင့် ယူရိုပါလိဂ် ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပါတယ်။

Exit mobile version