MySport Myanmar

ဂျိုရယ်လ် မာတစ်ကို ခေါ်ယူသွားဖို့ အခြေအနေကောင်းလာတဲ့ လေဗာကူဆင်

ဂျာမန် ဘွန်ဒက်စ်လီဂါနဲ့ ဂျာမန် ပိုကယ်ဖလား ချန်ပီယံ လေဗာကူဆင်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားပြီဖြစ်တဲ့ ဝါရင့် နောက်ခံကစားသမားကြီး ဂျိုရယ်လ် မာတစ်ကို ခေါ်ယူသွားဖို့ အခြေအနေ ကောင်းသထက် ကောင်းလာနေပြီလို့ ဖေဘရီဇီယို ရိုမာနိုကနေ သတင်းထုတ်ပြန်ထားခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ကင်မရွန်း နောက်ခံကစားသမားကြီး မာတစ်ဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားသူဖြစ်ပြီး ဂျာမနီကလပ် ရှော်ကေးအသင်းမှာပဲ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပါတယ်။ အဲ့ဒီကနေ ၂၀၁၆ခုနှစ်မှာပဲ လီဗာပူးလ်အသင်းဆီကို free transfer နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။

Photo Credit : The Liverpool Offside

မာတစ်ဟာ လီဗာပူးလ်နဲ့ (၄)နှစ်စာချုပ် ချုပ်ဆိုခဲ့ပေမယ့် လီဗာပူးလ်အသင်းအတွက် (၈)ရာသီအထိ ကစားပေးခဲ့ရပြီး စုစုပေါင်း ပွဲပေါင်း (၂၀၁)ပွဲအထိလည်း ပါဝင်ကစားဖြစ်ခဲ့ပါတယ်။ မာတစ်ဟာ လီဗာပူးလ်ရဲ့ ဦးစားပေး ခံစစ်ကစားသမားမျိုး မဟုတ်ခဲ့ပေမယ့်လည်း ပါဝင်ခွင့်ရတဲ့ ပွဲတိုင်းလိုလိုမှာ အကောင်းဆုံး ကစားပေးနိုင်တဲ့ ခံစစ်မှူးလည်း ဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလား ကွန်မြူနတီဒိုင်းတို့ကို ပိုင်ဆိုင်ခဲ့ရတဲ့ မာတစ်ဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာတော့ လီဗာပူးလ်နဲ့ပါ စာချုပ်သက်တမ်းက ကုန်ဆုံးသွားခဲ့တာကြောင့် အသင်းနဲ့ လက်တွဲဖြုတ်ပြီး free agent player ဖြစ်သွားခဲ့ပါတယ်။

Photo Credit : Marca

ဒီလို ကလပ်အသင်းလက်မဲ့ ဖြစ်သွားတဲ့ မာတစ်ကို လေဗာကူဆင်အသင်းက ဘွန်ဒက်စ်လီဂါပြိုင်ပွဲဆီ ပြန်လည် ခေါ်ဆောင်သွားဖို့ စတင် ဆောင်ရွှက်လာခဲ့ပါတယ်။ မာတစ်လို ဘွန်ဒက်စ်လီဂါမှာ ပွဲပေါင်း (၂၀၀)နီးပါးအထိ ကျင်လည်ထားခဲ့ဖူးတဲ့ ဝါရင့် ကစားသမားကြီးကို ခေါ်ယူနိုင်မယ်ဆိုရင် လေဗာကူဆင်အတွက် တကယ့်ကို အကျိုးရှိစေမယ့် ခေါ်ယူမှုတစ်ခုလည်း ဖြစ်လာမှာ သေချာပါတယ်။

ဒါ့အပြင် လေဗာကူဆင်က ဒီနွေမှာပဲ ခံစစ်ကစားသမား ဂျိုနသန်တက်ကို လက်လွတ်ရဖို့ အလွန် နီးစပ်နေတာကြောင့် ဒီကစားသမားရဲ့ နေရာမှာ မာတစ်နဲ့ ပြန်လည် အစားထိုးဖို့ ရှိနေပါတယ်။ လက်ရှိမှာ မာတစ်နဲ့ လေဗာကူဆင်အသင်းတို့ကြား အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှုတွေက အခြေအနေကောင်းနေတာကြောင့် မကြာခင်မှာပဲ မာတစ်ကို ဘွန်ဒက်စ်လီဂါမှာ ပြန်လည် မြင်တွေ့ရဖို့ ရှိနေပါတယ်။

Exit mobile version