ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လေဗာကူဆင်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ထိပ်သီးပစ်မှတ် တိုက်စစ်မှူး တဦး ဖြစ်သူ အဒမ် လိုဂျက်ကို ကြားဖြတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ချက်လူငယ်ကြယ်ပွင့် တိုက်စစ်မှူး လိုဂျက်က အရပ် ၆ပေ ၂လက်မ ရှိပြီး နောက်ချန်တိုက်စစ်မှူး တဦး အဖြစ် ကစားလေ့ ရှိပေမယ့် လိုအပ်ရင် လိုအပ်သလို တိုက်စစ်မှူး အဖြစ်နဲ့ ကစားနိုင်ရုံသာမက ဘယ်တောင်ပံတိုက်စစ် ကစားသမား တဦး အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူပါ။

Photo Credit: TeamTalk

ချက်ကလပ် စပါတာ တိုက်စစ်မှူး လိုဂျက်ဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါတာအတွက် ပြိုင်ပွဲစုံ ၄၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် အထိ ပြုလုပ်နိုင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ အာဆင်နယ်က လိုဂျက်ကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်မှုတွေ ပြုလုပ်ခဲ့သလို အသင်းရဲ့ နွေပစ်မှတ် စာရင်းထဲမှာလည်း ထည့်သွင်းထားခဲ့ပါတယ်။

ဒါပေမယ့် လူငယ်ကြယ်ပွင့် ကစားသမားတွေကို ဦးစားပေး ရှာဖွေလေ့ ရှိတဲ့ လေဗာကူဆင်က လိုဂျက်ကို ခေါ်ယူနိုင်ဖို့ ခပ်သွက်သွက် လှုပ်ရှားခဲ့ပြီး အာဆင်နယ်ဘက်က လိုဂျက်အတွက် ကမ်းလှမ်းမှုတွေ မလုပ်ခင်မှာပဲ လီဗာကူဆင်က လိုဂျက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Football London သတင်းဌာနက အခိုင်အမာ ဖော်ပြထားပါတယ်။

Photo Credit: TeamTalk

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း လေဗာကူဆင်က လိုဂျက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း အတည်ပြုပေးခဲ့ပြီး လေဗာကူဆင်က လိုဂျက်ကို လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်နေကာ မကြာခင်မှာပဲ ကစားသမားသစ် အဖြစ် ကြေညာတော့မယ်လို့လည်း ဆိုပါတယ်။

လေဗာကူဆင်က လိုဂျက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၃သန်း ပေးချေခဲ့ရသလို လိုဂျက်ကို ပြန်လည် ရောင်းချရာကနေ ရလာတဲ့ ပြောင်းရွှေ့ကြေးရဲ့ ၃၀ရာခိုင်နှုန်းကို စပါတာထံ အပိုဆုကြေး အဖြစ် ပေးအပ် ရဖို့ပါ ရှိနေကြောင်း သိရပါတယ်။