ဒီနေ့ဇွန်လ(၁၆)ရက်နေ့မှာ ပုံမှန်အတိုင်း ပြန်လည်စတင်နေပြီဖြစ်တဲ့ စပိန်လာလီဂါဘောလုံးပြိုင်ပွဲရဲ့ ပွဲစဉ်(၂၉)ကို ဆက်လက်ကျင်းပခဲ့ပြီး လီဗန်တေးအသင်းနဲ့ ဆီဗီလာအသင်းတို့ ထိပ်တိုက်ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့တစ်ပတ်က ဗလင်စီယာဒါဘီမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေတစ်မှတ်ရအောင် ကစားထားနိုင်ခဲ့တဲ့ အိမ်ရှင်လီဗန်တေးအသင်းက အသင်းရဲ့အဓိကတိုက်စစ်ကစားသမား ရော်ဂျာမာတီ ပွဲပယ်ပစ်ဒဏ်ကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် တိုက်စစ်မှာ မိုရာလက်စ်နဲ့ မာရိုရယ်တို့ကို တွဲဖက်သုံးစွဲခဲ့ရပါတယ်။ ဧည့်သည်ဆီဗီလာအသင်းဘက်မှာတော့ ဒီဂျောင် အိုကမ်ပို့စ် အယ်ဟာဒါဒီ ဂျော်ဒန် ဘာနီဂါ ဒီယေဂိုကားလို့်စ် နားဗက်စ်တို့လို အဓိက ကစားသမားတွေ အစုံအလင်ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ ဆီဗီလာဘက်ကပဲ ဖိအားပေးကစားသွားနိုင်ခဲ့ကာ အိမ်ရှင်ဘက်က ခံစစ်မှာပဲ အချိန်ကုန်ခဲ့ရပြီး ဆီဗီလာတိုက်စစ်လည်း ထိုးဖောက်မှုတွေမှာ ထိရောက်မှုနည်းပါးလှတာမို့ ဂိုးမရှိသရေသာ ကျခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန် မိနစ်ပိုင်းလေးအတွင်းမှာပဲ ဝါရင့်တိုက်စစ်ကစားသမား လုခ်ဒီဂျောင်က ဆီဗီလာအတွက် အဖွင့်ဂိုးကို လျင်လျင်မြန်မြန်နဲ့ပဲ သွင်းယူခဲ့ပါတယ်။ အဖွင့်ဂိုးပေးလိုက်ရပြီးနောက်မှာ အိမ်ရှင်ဘက်ကို ချေပဂိုးပြန်ရလာနိုင်အောင် ကြိုးပမ်းလာခဲ့ပြီး နှစ်သင်းလုံးကလည်း လူစားလဲလှယ်မှုပေါင်းများစွာကိုလည်း လုပ်ဆောင်လာခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လီဗန်တေးအသင်းရဲ့ တိုက်စစ်ဆင်မှုတွေက ပိုများလာခဲ့ပြီး ဒုတိယပိုင်းပြီးခါနီးမှာပဲ ဆီဗီလာဂိုးသမာရဲ့ရှင်းထုတ်ပုံ မသေသပ်မှုကနေတစ်ဆင့် အိမ်ရှင်တို့ ချေပဂိုးပြန်လည်ပိုင်ခဲ့ပြီး သရေပွဲနဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။