ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်(၂၄)အတွင်းမှာ မမျှော်လင့်ပဲ တန်းဆင်းဇုန်ထဲကို ရောက်ရှိနေတဲ့ ဆယ်တာဗီဂိုအသင်း သရေကျခဲ့ရပြီး ဘာစီလိုနာအသင်းနဲ့ ရမှတ်ကွာဟချက် ကျဉ်းမြောင်းသွားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒီနေ့ညမှာလည်း လာလီဂါပွဲစဉ်(၂၅)အဖြစ် လီဗန်တေးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရကာ ၁ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကိုပါ ဆင်းပေးလိုက်ရပြီပဲဖြစ်ပါတယ်။

Photo Credit : Getty Images

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားဖို့ ရှိနေပေမယ့်လည်း လာလီဂါမှာကလည်း ချန်ပီယံဆုအတွက် အရေးကြီးနေတဲ့ အချိန်အခါဖြစ်လို့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ဟာဇက် ဘန်ဇီမာ ကတ်စ်မဲလ်ရိုး အစ္စကို မိုဒရစ် တိုနီကရူးစ် ကာဗာဟယ် ရာမို့စ် ဗာရန်း မာဆယ်လို ကော်တိုရစ်တို့ကို အသုံးပြုခဲ့ပါတယ်။ ရီးရဲလ်နဲ့ တွေ့ဆုံတိုင်းလိုလိုမှာ အခက်တွေ့အောင် ကစားတတ်လေ့ရှိတဲ့ လီဗန်တေးအသင်းကလည်း သူတို့အသင်းရဲ့ အမာခံကစားသမားတွေနဲ့ ရီးရဲလ်အသင်းကို အခက်တွေ့အောင် ကစားသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်မှာကတည်းက ဧည့်သည်ရီးရဲလ်အသင်းကပဲ ပွဲချိန်အပြည့်ဖိအားပေးကစားခဲ့ပြီး အိမ်ရှင်လီဗန်တေးက တိုက်စစ်ဆင်မှုအပိုင်းမှာ ဘာမှကိုမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ရီးရဲလ်အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေက သွင်းဂိုးအဖြစ်နဲ့ မပြောင်းလဲနိုင်ခဲ့ပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်းအတွင်းမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်အသင်းဘက်ကနေလည်း အခွင့်အရေးတွေ ရရှိလာခဲ့ကာ အပြန်အလှန်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲက ပိုပြီးအကြိတ်အနယ်ရှိခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ပွဲကစားချိန် ရ၉မိနစ်မှာတော့ ကွင်းလယ်ကစားသမား မိုရာလက်စ်က လီဗန်တေးအသင်းအတွက် ဦးဆောင်ဂိုးကို ဘယ်ခြမ်းကနေ လှလှပပနဲ့ သွင်းယူပြီး ရီးရဲလ်အသင်းကို စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။ ရီးရဲလ်မှာလည်း ဒီဦးဆောာင်ဂိုးကို ဘယ်လိုမှ ပြန်မချေပနိုင်တော့ပဲ လာလီဂါ(၁၅)ပွဲဆက်တိုက် ရှုံးပွဲမရှိမှုမှာလည်း ရပ်တန့်သွားခဲ့ရပါတယ်။