ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ လက်စ်ကော့ကတော့ အီတလီ ထိပ်တန်းနည်းပြ ကွန်တီ ဦးဆောင်နေတဲ့ စပါးဟာ ခြေစွမ်းပိုင်းမှာ တိုးတက်လာခဲ့ပေမယ့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

လန်ဒန်မြို့ခံ နာမည်ကြီးကလပ် စပါးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂျူဗင်တပ်နဲ့ ချယ်လ်ဆီးနည်းပြဟောင်း ကွန်တီကို နည်းပြချုပ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် မှန်ကန်တဲ့ ကစားသမားသစ် ခေါ်ယူမှုတွေ ၊ အသင်းလိုက် စုစည်းမှုတွေနဲ့ ခြေစွမ်းပိုင်း တိုးတက်လာတဲ့ အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

စပါးက ယခုနှစ် ဘောလုံးရာသီမှာလည်း အကောင်းမွန်ဆုံး ခြေစွမ်းတွေကို ထုတ်ပြထားနိုင်ပြီး ချယ်လ်ဆီးနဲ့ ကစားခဲ့ရတဲ့ တပွဲထဲသာ သရေကျထားကာ ဆောက်သမ်တန် ၊ ဝုဗ်တို့လို ကစားရခက်တဲ့ အသင်းတွေနဲ့ ပွဲစဉ်တွေမှာ အမှားအယွင်း မရှိ နိုင်ပွဲတွေ ရယူထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက စပါးဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ နှစ်သင်းစလုံးနဲ့အပြိုင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိကြောင်း သုံးသပ်နေကြပြီး လက်စ်ကော့ကတော့ စပါးဟာ ၁၀ပွဲဆက် အနိုင်ယူနိုင်တဲ့ အထိ ခြေစွမ်းပိုင်း ကောင်းမွန်ခြင်း မရှိတာကြောင့် မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပဲ ပရီးမီးယားလိဂ်ရဲ့ တတိယ အကောင်းဆုံးအသင်း အဖြစ်သာ ရပ်တည်နိုင်လိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Standard

လက်စ်ကော့က – “ကျွန်တော်ကတော့ စပါးဟာ ပရီးမီးယားလိဂ်ရဲ့ တတိယ အကောင်းဆုံးအသင်း အဖြစ်ပဲ ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ သူတို့နဲ့ ထိပ်ဆုံးနှစ်သင်းရဲ့ ကြားမှာ ရှိနေတဲ့ ကွာခြားချက်က အတော်လေးကို ကြီးမားနေပါသေးတယ်။ ကျွန်တော်ကတော့ စပါးဟာ ၁၀ပွဲဆက် အနိုင်ယူနိုင်တဲ့ ခြေစွမ်းမျိုးကို မပိုင်ဆိုင်ထားသေးဘူးလို့ မြင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။