ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ နောက်ခံလူဟောင်း လက်စ်ကော့ ကတော့ မန်စီးတီးအသင်းရဲ့ တောင်ပံ ကစားသမား စတာလင်းဟာ လက်ရှိ ဘောလုံးလောကမှာ မက်ဆီနဲ့ ရိုနယ်ဒိုပြီးရင် အကောင်းဆုံး ကစားသမားပဲလို့ ဆိုသွားခဲ့ပါတယ်။ လက်စ်ကော့ ဟာ မန်စီးတီးအသင်းနဲ့ နယူးကာဆယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ သုံးသပ်သူအဖြစ် လုပ်ကိုင် ဆောင်ရွက် နေရင်း စတာလင်းရဲ့ ခြေစွမ်းတွေနဲ့ ပတ်သတ် ပြီး သူ့ရဲ့အမြင်တွေကို ပြောပြသွားခဲ့ကာ စတာလင်းဟာ မက်ဆီနဲ့ ရိုနယ်ဒိုရဲ့ အဆင့်အတန်းကို လိုက်မှီနိုင်သူ ဖြစ်ကြောင်းနဲ့ ဂိုးသွင်းနိုင်သည် ဖြစ်စေ ၊ မသွင်းနိုင်သည် ဖြစ်စေ စတာလင်းရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်တွေ့ရလေ့ ရှိတယ်လို့ ဖွင့်ဟ သွားခဲ့ပါတယ်။

Photo Credit: Goal

အသက်၂၅နှစ်အရွယ် အင်္ဂလန်နဲ့ မန်စီးတီး အသင်းတို့ရဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ စတာလင်းဟာ မန်စီးတီးအသင်းက နယူးကာဆယ်အသင်းကို ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် ပွဲသိမ်းဂိုးကို ပွဲချိန် ၉၁မိနစ်မှာ သွင်းယူနိုင်ခဲ့သူပါ။ ဒါ့အပြင် စတာလင်းဟာ လက်ရှိ ဘောလုံးရာသီ မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၂၉ပွဲ ပါဝင် ကစားထားရာမှာ ၁၄ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၁ဂိုး ဖန်တီး ပေးထားနိုင်သူလည်း ဖြစ်ခဲ့ပါတယ်။ စတာလင်းဟာ လီဗာပူးအသင်းကနေ မန်စီးတီး အသင်းထံ ပြောင်းရွှေ့လာခဲ့ အပြီးမှာ ခြေစွမ်း ပိုမို တိုးတက်ခဲ့တဲ့ ကစားသမား ဖြစ်ပြီး ဂွာဒီယိုလာရဲ့ လက်အောက်ကို ရောက်ရှိသွားချိန်မှာ တော့ ဂိုးသွင်းနှုန်းပါ ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit: Goal

လက်စ်ကော့ကတော့ စတာလင်းဟာ လက်ရှိ မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်နေပြီ ဖြစ်ကြောင်းကို ” စတာလင်းဟာ အခုချိန်မှာ ကမ္ဘာ့အကောင်းဆုံး တောင်ပံ ကစားသမား စာရင်း ဒါမှမဟုတ် တိုက်စစ်မှူး စာရင်း မှာ ပါဝင်သင့်နေပါပြီ။ သူ့မှာ ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိအောင် အကောင်းဆုံး ကစားနိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ သူ ဂိုးမသွင်းနိုင်ရင်တောင်မှပေါ့။ ပြီးတော့ တခြား တစ်ဖက်မှာလည်း သူက ဂိုးသွင်းကောင်းပြီး ပွဲကို အများကြီး ပြောင်းလဲစေနိုင်သူပါ။ အခုချိန် မှာတော့ ခင်ဗျားတို့တွေဟာ စတာလင်း လုပ်ပြ နေတဲ့အရာတွေနဲ့ ပတ်သတ်ပြီး သူ့ကို လေးစားသင့်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ အများစုက အဲ့ဒီလို မလုပ်ချင်ကြပါဘူး။ ကမ္ဘာပေါ်မှာ မက်ဆီနဲ့ ရိုနယ်ဒိုဟာ တစ်ရာသီကို ဂိုး၅၀ လောက် သွင်းနေကြတဲ့ သူတွေပါ။ သူတို့နှစ်ဦး ဟာ အရမ်းကို ထူးခြားပါတယ်။ ဒါပေမယ့် မက်ဆီနဲ့ ရိုနယ်ဒိုကို ဖယ်လိုက်ရင် ရှိမယ့် ထိပ်တန်း ကစားသမား စာရင်းမှာ စတာလင်းဟာ ထိပ်ဆုံးက ရှိနေမယ့်သူပါ ” လို့ သုံးသပ် သွားခဲ့တာပဲ ဖြစ်ပါတယ်။