ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ လတ်တလောမှာ ဂျူဗင်တပ်အသင်းက ရောင်းချမယ် လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူး ရိုနယ်ဒိုကိုသာ ခေါ်ယူခွင့် ရှိမယ် ဆိုပါက ခေါ်ယူဖို့ ကြိုးစားသွားမယ် လို့ ဆိုသွားခဲ့ပါတယ်။ လက်ရှိ အချိန်မှာ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရိုနယ်ဒိုဟာ ကစားသမား တစ်ဦးအတွက် နေဝင်ချိန် ဆိုတဲ့ အပိုင်းအခြားကို ရောက်နေပြီ ဆိုပေမယ့် လက်ရှိ အချိန်အထိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦးစာရင်း မှာ ပါဝင်နေဆဲ ဖြစ်ပြီး လက်ရှိရာသီမှာလည်း ဂျူဗင်တပ် အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅ပွဲ ပါဝင် ကစား ပေးထားပြီး ၆ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

ဒါပေမယ့် ယခုရက်ပိုင်းမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းဟာ သူတို့အသင်းရဲ့ ဂိုးသွင်းစက် ဖြစ်တဲ့ ရိုနယ်ဒိုကို သူတို့အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း မကုန်ဆုံးမီမှာ ရောင်းချဖို့ စဉ်းစားနေကြောင်း သိထား ရပါတယ်။ ရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ ၂၀၂၂ ခုနှစ် အထိသာ စာချုပ် သက်တမ်း ရှိသူ ဖြစ်တာကြောင့် လာမယ့် ဘောလုံးရာသီ အကုန်မှာ ဂျူဗင်တပ်အသင်း ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်မယ့် ကစားသမား ဖြစ်ပြီး ဂျူဗင်တပ်အသင်း ကတော့ လက်ရှိ ဘောလုံးရာသီ အကုန်မှာပဲ ရိုနယ်ဒိုကို ရောင်းချဖို့ လုပ်ဆောင် နေတာပါ။ ဂျူဗင်တပ်အသင်းရဲ့ ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ ရိုနယ်ဒိုကို ခေါ်ယူနိုင်တဲ့ အသင်းဟာ များများစားစား မရှိကြောင်းနဲ့ သူတို့အသင်းဟာ ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း ပြောကြား သွားပါတယ်။

Photo Credit: Metro

ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းကို လီယိုနာဒိုက “ဒီနေ့ခေတ် ဘောလုံးလောကမှာ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ရိုနယ်ဒိုက မနက်ဖြန် မနက်မှာ နိုးလာပြီး ကျွန်တော် တခြား အသင်းတစ်သင်းမှာ ကစားချင်တယ် ဆိုပြီး ပြောကောင်း ပြောလာနိုင်ပါတယ်။ သူ့ကို ဘယ်အသင်းတွေက ဝယ်နိုင်မလဲ…။ ဒါက စက်ဝိုင်းကျဉ်းကျဉ်းလေး တစ်ခုပါပဲ။ သူ့ကို ခေါ်နိုင်တဲ့အသင်း များများစားစား မရှိပါဘူး။ ပီအက်စ်ဂျီအသင်း ကလည်း အဲ့ဒီအသင်းတွေ ထဲမှာ ပါဝင်ပါတယ်။ များသောအားဖြင့် ဒီလို ကိစ္စတွေက အခွင့်အလမ်းတွေ ၊ အခြေအနေတွေနဲ့ သက်ဆိုင်မှု ရှိပါတယ်။ အပြောင်းအရွှေ့ ဈေးကွက် အတွက် ကျွန်တော်တို့ဟာ ပြင်ဆင်မှုတွေ ပြုလုပ်ပါတယ်။ ကျွန်တော်တို့ အသင်းမှာ ဘယ်သူတွေက ထိပ်တန်း ပစ်မှတ်လဲ ဆိုတာ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါပေမယ့် တစ်ခါတလေ မမျှော်လင့်ထားတဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။