ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ လီယိုနာဒို ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ လီယွန်နယ် မက်ဆီကို သဘောမကျတဲ့ လူတွေဟာ ဘောလုံးအကြောင်းကို ရေရေရာရာ မသိတဲ့ လူတွေသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို စံချိန်တင် အဖြစ် ၇ကြိမ်တိုင်တိုင် ရယူထားနိုင်သူ တဦး ဖြစ်ပြီး ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား အဖြစ် တင်စားခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Sports Max

အရပ်အမြင့် ၅ပေ ၇လက်မသာ ရှိတဲ့ လီယွန်နယ် မက်ဆီဟာ တဦးချင်း စွမ်းဆောင်ရည် အလွန် မြင့်မားတဲ့ ကစားသမား တဦး ဖြစ်ပြီး သွင်းဂိုးတွေကို အလွယ်တကူ သွင်းယူနိုင်သလို အသင်းရဲ့ ကစားပုံ ပိုမို ကောင်းမွန်အောင် ဦးဆောင်ကစားနိုင်ကာ အသင်းဖော်တွေ ဂိုးသွင်းနိုင်အောင် ဖန်တီးမှုပေါင်း များစွာကို ပြုလုပ်ပေးထားသူပါ။

ဒါပေမယ့် မက်ဆီရဲ့ ခပ်အေးအေး နေတတ်တဲ့ စရိုက် ၊ အသင်းရဲ့ ခံစစ်ပိုင်းကို ကူညီဖို့ အားနည်းခြင်း စတဲ့ အချက်တွေကြောင့် မက်ဆီဟာ ဘောလုံးသမိုင်းရဲ့ အကောင်းဆုံး ကစားသမား မဟုတ်ဘူးလို့ ငြင်းချက်ထုတ် ဝေဖန်နေသူတွေလည်း အများအပြား ရှိနေပါသေးတယ်။

Photo Credit: Sports Max

ပီအက်စ်ဂျီအသင်းရဲ့ အားကစား ဒါရိုက်တာ အဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ လီယိုနာဒိုကတော့ မက်ဆီဟာ ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ဆိုတဲ့ အချက်ကို လက်ခံထားပြီး မက်ဆီကို သဘောမကျတဲ့ လူတွေဟာ ဘောလုံးအကြောင်းကို နားမလည်သေးတဲ့ လူတွေသာ ဖြစ်ကြောင်း တုံ့ပြန်သွားခဲ့ပါတယ်။

လီယိုနာဒိုက – “ကျွန်တော်ကတော့ လီယွန်နယ် မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အငြင်းအခုန် လုပ်နေစရာကို မလိုဘူးလို့ ထင်ပါတယ်။ တကယ်လို့ လူတယောက်က မက်ဆီရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး အငြင်းအခုန်တွေ လုပ်လာရင်တော့ သူက ဘောလုံးအကြောင်းကို ဘာမှမသိသေးတဲ့ လူတယောက်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။