ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒို ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ သူတို့အသင်းက နန့်တက်စ်ကို အဝေးကွင်းမှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဟာ ကွင်းလယ်ဒိုင်ရဲ့ ဘက်လိုက်မှုကြောင့် ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ပြင်သစ် လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်းအသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ ပီအက်စ်ဂျီဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နန့်တက်စ်နဲ့ လီဂူးဝမ်းပွဲစဉ်မှာ မက်ဆီ ၊ နေမာနဲ့ အမ်ဘာပေတို့လို အဓိက ကစားသမား အစုံအလင်ကို အသုံးပြုပြီး နိုင်ပွဲဆက်နေမှုကို ဆက်လက် ထိန်းသိမ်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ခံစစ်ပိုင်း အမှားအယွင်းတွေကြောင့် ၃-၁ ဆိုတဲ့ ရလဒ်နဲ့ မထင်မှတ်ပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit: 90 Min

အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီဟာ နန့်တက်စ်ဘက်ကို တပွဲလုံးနီးပါး ဖိအားပေး ကစားနိုင်ပေမယ့် တိုက်စစ် ကစားသမားတွေရဲ့ အခွင့်အရေးတွေကို အပိုင် အသုံးမချနိုင်မှု ၊ နန့်တက်စ် ဂိုးသမား လာဖွန့်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေ ရဖို့ ရုန်းကန်ခဲ့ရပြီး နန့်တက်စ် ကတော့ မထင်မှတ်ပဲ ရလာတဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲ တပွဲ ရယူပြီး မျက်နှာပန်း လှခဲ့ပါတယ်။

ဒါပေမယ့် ပီအက်စ်ဂျီရဲ့ အားကစား ဒါရိုက်တာ ဖြစ်သူ လီယိုနာဒိုကတော့ သူတို့အသင်းအနေနဲ့ နန့်တက်စ်ကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တာဟာ ဒိုင်တွေရဲ့ ဘက်လိုက်မှုတွေကြောင့် ဖြစ်ကြောင်း ယူဆနေပြီး ဒိုင်တွေက သူတို့အသင်းကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေသာ ချမှတ်ခဲ့ကြောင်းလည်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: 90 Min

လီယိုနာဒိုက – “ဒီနေ့ပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပွဲတပွဲပါ။ ချန်ပီယံလိဂ်မှာ နိုင်ပွဲရခဲ့တာကြောင့် ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းတွေက ကျွန်တော်တို့ကို အသည်းအသန် နိုင်ချင်နေမယ် ဆိုတာ ကျွန်တော်တို့တွေ သိထားပြီးသားပါ။ ကျွန်တော်တို့တွေ ပထမဦးဆုံး ခွင့်ပြုလိုက်ရတဲ့ ပေးဂိုးနှစ်ဂိုးက တဖက်အသင်း အနေနဲ့ ရသင့်တဲ့ သွင်းဂိုးတွေပါပဲ။ ဒါပေမယ့် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေ အားလုံးက ကျွန်တော်တို့ကို ဆန့်ကျင်တဲ့ ဆုံးဖြတ်ချက်တွေချည်းပဲ ဖြစ်ပါတယ်။ သူက ပထမပိုင်းရဲ့ နာကျင်အချိန်ပိုကို ၁မိနစ်ပဲ ပေးခဲ့ပေမယ့် နန့်တက်စ် ရသွားတဲ့ ပင်နယ်တီက နာကျင်အချိန်ပိုကို ကျော်ပြီးမှ ရခဲ့တာပါ။ ဒါကြောင့် ကျွန်တော်ကတော့ ဒီပွဲမှာ ဒိုင်တွေရဲ့ ဘက်လိုက်မှုကို ထင်ထင်ရှားရှား မြင်ခဲ့ရတယ်လို့ပဲ ပြောချင်ပါတယ်” လို့ ဝေဖန်သွားခဲ့တာပါ။