ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ လီနိုကတော့ လာမယ့် ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက် ကစားဖို့ ဆန္ဒရှိနေတာကြောင့် ရာသီကုန်ရင် အာဆင်နယ်အသင်း ကနေ ထွက်ခွာချင်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။ အသက် ၂၉နှစ် အရွယ် ဂျာမန် ဂိုးသမား လီနိုဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်း ကနေ အာဆင်နယ်အသင်းထံကို ၂၀၁၈ ခုနှစ်ကမှ ပြောင်းရွှေ့လာတဲ့ ဂိုးသမားတဦး ဖြစ်ပြီး အသင်းထံ ရောက်ရှိချိန်မှ စတင်ကာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: Football London

လီနိုဟာ အာဆင်နယ်အသင်းနဲ့အတူ အက်ဖ်အေဖလား ၊ ကွန်မြူနတီဒိုင်းတို့ကို ရယူထားနိုင်ကာ ၂၀၂၃ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူ ဖြစ်ပေမယ့် အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ဥရောပြိုင်ပွဲ ဝင်ခွင့် ရရှိဖို့ မရေမရာ ဖြစ်နေတဲ့ အနေအထားကြောင့် ဥရောပပြိုင်ပွဲဝင်ခွင့် ရတဲ့ အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေကာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ အာဆင်နယ်အသင်းထံ တောင်းဆိုခဲ့ကြောင်း Football London သတင်းဌာနက ဆိုပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ အဆင့် ၉ နေရာ အထိ ရောက်ရှိနေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဖိုင်နယ်အဆင့်ကို ရောက်ရှိဖို့ ရုန်းကန်ရဦးမှာကြောင့် ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်မှု အားနည်းနေသလို အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေကိုလည်း အသင်းမှာ ထိန်းထားနိုင်ဖို့ မလွယ်ကူတဲ့ အနေအထားကို ရောက်နေပါတယ်။

Photo Credit: Football London

လတ်တလောမှာတော့ လီနိုကို ခေါ်ယူဖို့ အတွက် အီတလီ စီးရီးအေ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ အေစီမီလန်အသင်းက စိတ်ဝင်စားနေပြီး အေစီမီလန်အသင်းဟာ သူတို့အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာကို စာချုပ်သစ် ချုပ်ဆိုနိုင်ခြင်း မရှိပါက လီနိုကို ခေါ်ယူဖို့ ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြနေကြပါတယ်။ အာဆင်နယ်အသင်း ကတော့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား လီနိုကို လက်မလွှတ်လိုပေမယ့် လီနိုဟာ အသင်းကနေ ထွက်ခွာချင်နေပါက သင့်တော်တဲ့ ကမ်းလှမ်းမှု ရှိလာရင် ရောင်းချဖို့ စဉ်းစားနေပြီး အာဆင်နယ်အသင်းဟာ လီနိုကို ပြောင်းရွှေ့ကြေး ယူရို ၃၀သန်းခန့် ရရှိရင် ရောင်းချနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။