အာဆင်နယ် ဂိုးသမား လီနိုကတော့ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိရာသီမှာ အဆင့် (၅) နေရာ ရရှိအောင် ကစားပြီး ယူရိုပါလိဂ် ဝင်နိုင်သလို တကယ်လို့ မန်စီးတီးအသင်းက ချန်ပီယံလိဂ် ပါဝင်ကစားဖို့ ပိတ်ပင်ခံရမယ် ဆိုရင် ချန်ပီယံလိဂ်လည်း ဝင်နိုင်ပါသေးတယ်လို့ ပြောကြားသွားလိုက်ပါတယ်။ နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရပ်နားခဲ့ရစဉ်က အဆင့် (၉) နေရာမှာ ရပ်တည်နေခဲ့ပြီး အဆင့် (၄) နေရာက နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၈) မှတ်အထိသာ ကွာဟနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ လာမယ့် (၁၇) ရက်နေ့၊ ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတင်မယ့် နေ့မှာပဲ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို ကစားသွားမှာ ဖြစ်ပြီး မန်စီးတီးအသင်းက လက်ရှိမှာ အမှတ်ပေး ဇယားရဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရမှုကို အယူခံဝင်နေဆဲ အချိန် ဖြစ်ပြီ အာဆင်နယ် ဂိုးသမား လီနိုကတော့ မန်စီးတီးအသင်းကသာ ချန်ပီယံလိဂ် ဝင်ခွင့် ပိတ်ပင်ခံရမယ် ဆိုရင် အာဆင်နယ်အသင်းက အဆင့် (၅) နေရာနဲ့ ချန်ပီယံလိဂ် ဝင်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ် ဂိုးသမား လီနိုက “ကျွန်တော်တို့အသင်းက ယူရိုပါလိဂ် ဝင်နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ လက်လျှော့တာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ အဆင့် (၅) ရပြီး မန်စီးတီးအသင်း ပိတ်ပင်ခံရမယ် ဆိုရင် ဝင်ခွင့် ရနိုင်သေးတယ်။ ကျွန်တော်တို့ လက်ရှိရာသီ မရပ်နားရခင် ပုံစံကောင်းကို ရရှိခဲ့ကြတယ်။ ကျွန်တော်တို့အနေနဲ့ ပြိုင်ပွဲ ပြန်စတဲ့ အချိန်မှာ အဲဒီ ပုံစံကောင်းကို ပြန်လည် ရရှိပြီး ယူရိုပါလိဂ် ဝင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ မန်စီးတီးအသင်းနဲ့ အဖွင့်ပွဲစဉ် ကစားရမှာ ဆိုတော့ ပြန်စတင်နိုင်ဖို့ နည်းလမ်းကောင်းပါပဲ။ မန်စီးတီးအသင်းက ထိပ်သီးအသင်းကောင်းပါ။ ဘောလုံးပွဲမကစားတာ အကြာကြီး ရှိပြီးမှ ပြန်ကစားရမှာကတော့ အနည်းငယ် ထူးဆန်းပါတယ်”လို့ ပြောသွားခဲ့ပါတယ်။