ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ ဘရက်ဒ်လေနို ကတော့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ အသင်းပြောင်းဖို့ စီစဉ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ဂိုးသမား လေနိုဟာ လေဗာကူဆင်အသင်း ကနေ အာဆင်နယ်အသင်းထံ ရောက်ရှိလာပြီးကတည်းက အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အရယူနိုင်ခဲ့သူ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ အမှားအယွင်း များစွာ ပြုလုပ်မိခဲ့ပြီး သူ့ရဲ့ လက်စွမ်း ကျဆင်းနေမှုကြောင့်ပဲ အာဆင်နယ်အသင်းဟာ ရှက်ဖီးလ် ယူနိုက်တက်အသင်းရဲ့ ဂိုးသမား ရမ်စဒယ်ကို ခေါ်ယူခဲ့တာပါ။

Photo Credit: Goal

လက်ရှိမှာတော့ လေနိုဟာ ရမ်စဒယ်နဲ့ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာ အတွက် ယှဉ်ပြိုင် နေရပေမယ့် အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေ ကတော့ နည်းပြအာတီတာဟာ ရမ်စဒယ်ကို လေနိုထက် ပိုမို သဘောကျနေတာကြောင့် မကြာခင်မှာပဲ ရမ်စဒယ်ဟာ အာဆင်နယ်အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာဖို့ နီးစပ်နေကြောင်း ထုတ်ဖော် ပြောကြားထားကြပါတယ်။

ဒါကြောင့်ပဲ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဂျာမဏီအသင်းနဲ့အတူ ဝင်ရောက် ယှဉ်ပြိုင်ချင်နေတဲ့ လေနိုဟာ အာဆင်နယ်အသင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကတော့ လေနိုဟာ ပွဲထွက်ခွင့်သာ ဆုံးရှုံးရပါက လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ လေနိုကို ခေါ်ယူဖို့ အတွက် ဘွန်ဒက်လီဂါအသင်း တချို့နဲ့ အီတလီ စီးရီးအေအသင်း တချို့က စိတ်ဝင်စားနေကြပြီး လေနိုကတော့ ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိထားတဲ့ အသင်းဆီသာ ပြောင်းရွှေ့လိုနေကာ အာဆင်နယ်အသင်း ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ် ကျန်ရှိနေသေးတဲ့ လေနိုအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၅သန်း ဝန်းကျင် အလိုရှိနေပါတယ်။