ပရီးမီးယားလိဂ်ကလပ် ဖူလ်ဟမ်ရဲ့ နံပါတ်တစ် ဂိုးသမား လေနိုက သူ့ရဲ့ အသင်းဖော်ဟောင်း ရမ်စဒဲလ်ကို အကြောင်းပြချက် ကြီးကြီးမားမား မရှိပဲ အရန်ခုံ ပို့လိုက်တဲ့ နည်းပြဟောင်း အာတီတာရဲ့ လုပ်ရပ်ဟာ မလုပ်သင့်တဲ့ လုပ်ရပ်မျိုး ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဂျာမဏီဂိုးသမား လေနိုက ၂၀၁၈ခုနှစ် ကနေ ၂၀၂၂ခုနှစ် အထိ အာဆင်နယ် အတွက် ကစားပေးခဲ့တဲ့ ဂိုးသမား တဦး ဖြစ်ပြီး သူက အာတီတာနဲ့ ၃ရာသီ ကြာအောင် လက်တွဲခဲ့ရာ ပြိုင်ပွဲစုံမှာ ၇၁ပွဲ အထိ ပါဝင် ကစားခွင့် ရခဲ့သလို ပေးဂိုးမရှိတဲ့ပွဲ ၂၅ပွဲ အထိ ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

လေနိုက လက်စွမ်းကောင်းတဲ့ ဂိုးသမား တဦး ဖြစ်ပေမယ့် ဘောလုံးကိုင် ကစားရာမှာ အားနည်းချက်တွေ ရှိပြီး အဲ့ဒီအားနည်းချက်ကြောင့်ပဲ အာတီတာက အင်္ဂလန် ဂိုးသမား ရမ်စဒဲလ်ကို အာဆင်နယ်ဆီ ခေါ်ယူကာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် သတ်မှတ်ပေးခဲ့ပြီး ရမ်စဒဲလ် ရောက်လာမှုကြောင့် လေနိုဟာ အာဆင်နယ်ကို စွန့်ခွာကာ ဖူလ်ဟမ်ဆီ ပြောင်းခဲ့ရပါတယ်။

ရမ်စဒဲလ်က လေနိုရဲ့ နေရာကို ဆက်ခံခွင့် ရခဲ့ပြီးနောက် လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ နောက်ဆုံး  ၂ပွဲမှာ ဂိုးသမားသစ် ရာယာကသာ ပွဲထွက်ခွင့် ရခဲ့သလို အာတီတာကလည်း သူဟာ ဂိုးသမား အပြောင်းအလဲ လုပ်ဖို့ စဉ်းစားထားကြောင်း ထုတ်ပြောခဲ့တာကြောင့် ရမ်စဒဲလ် တယောက် သူ့ရဲ့ နံပါတ်တစ် ဂိုးသမားရာထူးကို စွန့်လွှတ်လိုက်ရပြီလား ဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

Photo Credit: Goal

အာဆင်နယ်ရဲ့ ဂိုးသမားဟောင်းလည်းဖြစ် ၊ ရမ်စဒဲလ်ကို နေရာဖယ်ပေးခဲ့ရသူလည်း ဖြစ်တဲ့ လေနိုကတော့ အာဆင်နယ်နည်းပြချုပ် အာတီတာရဲ့ ဂိုးသမားတွေကို မကြာခဏ အပြောင်းအလဲ လုပ်နေမှုကို ဝေဖန်လိုက်ပြီး သူသာ နည်းပြတဦး ဆိုရင် အဲ့ဒီလို ဂိုးသမား အပြောင်းအလဲတွေ လုပ်မှာ မဟုတ်ဘူးလို့လည်း ဆိုလာပါတယ်။

ရမ်စဒဲလ် တယောက် အရန်ခုံ ရောက်သွားမှုနဲ့ ပတ်သတ်ပြီး လေနိုက – “ကစားသမားတွေ ကြားထဲမှာ ရှိနေတဲ့ အချင်းချင်း နားလည်မှုကို အချိန်တိုအတွင်း လုပ်ယူလို့ မရပါဘူး။ တကယ်လို့ ကျွန်တော်ကသာ နည်းပြတယောက် ဖြစ်နေမယ် ဆိုရင် “ဒီနေ့တော့ ငါက ဘောလုံးကိုင် ကစားနိုင်တဲ့ ဂိုးသမား (ဒါမှမဟုတ်) ဖြတ်တင်ဘောတွေ ပေးနိုင်တဲ့ ဂိုးသမားကို သုံးမယ်” ၊ “ဒီနေ့မှာ ငါက မန်စီးတီးလို အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ ကာကွယ်မှုကောင်းတဲ့ ဂိုးသမားကို သုံးမယ်။ သူတို့က ငါတို့ဘက်ကို အနည်းဆုံး ၁၀ကြိမ်လောက် ကန်မှာလေ” ဆိုတဲ့ အကြောင်းပြချက်တွေ ပေးပြီး ဂိုးသမားတွေကို လဲသုံးနေမှာ မဟုတ်ပါဘူး။ ကျွန်တော်က အဲ့ဒီလို လုပ်ဖို့ စဉ်းစားမှာလည်း မဟုတ်ဘူး” လို့ ပြောကာ အာတီတာကို ခပ်ပါးပါး ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။