အာဆင်နယ်အသင်းရဲ့ ပင်တိုင်ဂိုးသမားဖြစ်တဲ့ လေနိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရိုက်တန်နဲ့အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၀)ပွဲအတွင်းမှာ ဘရိုက်တန်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား မူပေးနဲ့ အမြင့်ေဘောလုံးယှဉ်လုရင်း မြေပြင်ပြုတ်အကျမှာ ခြေထောက်ထောက်ပုံ ပုံစံမကျဖြစ်သွားခဲ့လို့ ဒူးအရွှတ်ပျက်ဆီးသွားခဲ့ရကာ ပွဲကိုလည်း ဆက်လက်မကစားနိုင်တော့တာကြောင့် အရန်ဂိုးသမားမာတီနက်ဇ်နဲ့ပါ လူစားလဲခဲ့ရပါတယ်။

Photo Credit : Metro

ဒဏ်ရာရသွားခဲ့တဲ့ ဂိုးသမားလေနိုကို ပွဲအတွင်းကနေ ထမ်းစင်နဲ့ခေါ်ဆောင်သွားခဲ့ရပြီး ဒူးအရွှတ်ကို ထိခိုက်သွားခဲ့တာဖြစ်လို့ တစ်နှစ်နီးပါးလောက်အထိကို အနားယူရဖွယ်ရှိတယ်လို့ လာမယ့်၂၀၂၁ခုနှစ်လောက်မှသာ လေနိုကို ပြန်လည်မြင်တွေ့ရဖွယ်ရှိနေပါတယ်။ အခုလို ဒဏ်ရာအခြေအနေဆိုးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လေနိုကို မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂိုးသမားဒေးဗစ်ဒီဂီယာနဲ့ ဖရန့်ဖတ်အသင်းရဲ့ ဂျာမန်ဂိုးသမား ကယ်ဗင်ထရတ်တို့ကနေ အမြန်ပြန်ကောင်းလာစေဖို့အတွက် ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါတယ်။

Photo Credit : Just Arsenal

အသက်(၂၈)နှစ်အရွှယ် ဂျာမန်ဂိုးသမားလေနိုအနေနဲ့ အခုလို ကာလရှည်ကြာ အနားယူရတော့မှာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းဟာ လာမယ့်ပွဲစဉ်တွေမှာ သူတို့ရဲ့ အရန်ဂိုးသမားဖြစ်တဲ့ မာတီနက်ဇ်ကို နေရာပေးလာဖွယ်ရှိသလို ဂိုးသမားလိုအပ်ချက်ကို ရေတိုစီမံကိန်းအဖြစ် မန်စီးတီးနဲ့ အင်္ဂလန်လက်ရွေးစင် ဂိုးသမားဟောင်း ဂျိုးဟတ်ကို ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရပြီး မန်စီးတီးကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူပါဘလိုမာရီနဲ့ ကွင်းလယ်ကစားသမားချာကာတို့ ဒဏ်ရာရသွားခဲ့သလို ဘရိုက်တန်နဲ့ပွဲမှာလည်း လေနိုပါ ဒဏ်ရာထပ်ရသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့နောက်ခံကစားသမား ဒေးဗစ်လုဇ်မှာလည်း မန်စီးတီးနဲ့ပွဲမှာ တိုက်ရိုက်အနီကတ် ပြသခံခဲ့ရတဲ့အတွက် ပွဲစဉ်(၃)ပွဲကို ပွဲပယ်ခံထားရပြီး ဘရိုက်တန်နဲ့ပွဲကို စတင်လွဲချော်ခဲ့ရပါတယ်။