ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ဗဟိုနောက်ခံလူ တဦး ဖြစ်သလို ပြင်သစ်လူမျိုးလည်း ဖြစ်တဲ့ လန်းလက်က သူ့ရဲ့ နိုင်ငံအသင်း ဖြစ်တဲ့ ပြင်သစ်ဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုကို အနိုင်ရကာ ကမ္ဘာ့ဖလား ဖိုင်နယ်ဆီ ရောက်သွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံလူ လန်းလက်က ဆီဗီးလားမှာ ရှိနေစဉ်က ပြင်သစ်အသင်း အတွက် ဆက်တိုက် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် ဘာစီလိုနာဆီ ပြောင်းရွှေ့ပြီးနောက်မှာ ပုံမှန် ကစားခွင့် ရဖို့ ရုန်းကန်ခဲ့ရတာကြောင့် ယခုနှစ် ဘောလုံးရာသီ အစမှာပဲ ဘာစီလိုနာ ကနေ စပါးထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

Photo Credit: Sporting News

လန်းလက်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့် ရဖို့ ဘာစီလိုနာ ကနေ ပုံမှန် ကစားခွင့် ရမယ့် စပါးဆီ ပြောင်းရွှေ့ခဲ့ပေမယ့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်က လန်းလက်အစား အာဆင်နယ်နဲ့အတူ တောက်ပနေတဲ့ လူငယ် ဗဟိုနောက်ခံလူ ဆာလီဘာကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်း အတွက် ရွေးချယ်မခံခဲ့ရပေမယ့် လန်းလက်က သူ့ရဲ့ မွေးရပ်မြေနိုင်ငံ ပြင်သစ်ကို အားပေးနေဆဲ ဖြစ်ပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း လန်းလက်က သူ့ရဲ့ ပြင်သစ်အသင်းဟာ မော်ရိုကိုကို အနိုင်ယူကာ ဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ တထစ်ချ ယုံကြည်ထားကြောင်း ပြောပြလာပါတယ်။

Photo Credit: Sporting News

လန်းလက်က – “ပြင်သစ်နဲ့ မော်ရိုကိုတို့ ပွဲစဉ်က နှစ်သင်းလုံး အတွက် အရေးပါတဲ့ ပွဲတပွဲပါ။ ကျွန်တော့်ရဲ့ နိုင်ငံအသင်းက အာဖရိကအသင်း တသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေခဲ့လို့ ပျော်ရွှင်မိပါတယ်။ အဲ့ဒီပွဲက အတော်လေး အကြိတ်အနယ် ရှိမယ့် ပွဲကောင်း တပွဲ ဖြစ်သလို နှစ်သင်းရဲ့ ကစားသမားတွေ ကြားထဲမှာ ဘောလုံးယှဉ်လုမှု အများကြီးကိုလည်း မြင်ရမယ်လို့ ထင်ပါတယ်။ မော်ရိုကိုက အရမ်းကို ကောင်းတဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ပြင်သစ်ရဲ့ အတွေ့အကြုံကြောင့် ကိုယ့်ရဲ့ အသင်းကိုပဲ ယုံကြည်မှု အပြည့် ရှိပါတယ်။ ပြင်သစ်က အင်္ဂလန်နဲ့ ခက်ခဲတဲ့ ပွဲတပွဲ ကစားခဲ့ရတာတောင် အနိုင်ရလဒ် ရအောင် ယူနိုင်ခဲ့ပါတယ်။ ပွဲကြီးတွေမှာ အနိုင်ယူဖို့ ဆိုတာ မလွယ်ဘူးလေ။ တကယ်လို့ ခင်ဗျားက ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတသင်းကို အနိုင်ယူနိုင်ခဲ့ပြီ ဆိုရင်လည်း ဒါက ခင်ဗျားဟာ ဘယ်ပြိုင်ဘက်ကိုမဆို အနိုင်ယူဖို့ အဆင်သင့် ဖြစ်နေပြီ ဆိုတာကို သက်သေပြနေပါတယ်။ ကျွန်တော်ကတော့ ဒီပွဲမှာ ပြင်သစ်ကပဲ အနိုင်ရသွားလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြင်သစ်က ဗိုလ်လုပွဲဆီ ရောက်သွားပါလိမ့်မယ်” လို့ သုံးသပ် ခန့်မှန်းသွားခဲ့တာပါ။