ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းဟာ ဘွန်ဒက်စ်လီဂါ ကြယ်ပွင့်ဟောင်းတစ်ဦးဖြစ်သူ ဂျေဒန် ဆန်ချိုကို အသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ကစားသမားရဲ့ လစာကြောင့်သာ ခေါ်ယူဖို့ ခက်ခဲနေတယ်လို့ သိရှိရပါတယ်။

အသက် (၂၃)နှစ်အရွယ်ရှိ အင်္ဂလန် တောင်ပံကစားသမား ဆန်ချိုဟာ မန်စီးတီး အကယ်ဒမီကနေ ဒေါ့မွန်အသင်းဆီ ပြောင်းရွှေ့ပြီးနောက်ပိုင်း ဒေါ့မွန်မှာ စီနီယာ ကစားသမားဘဝကို စတင်ရင်း အတောက်ပဆုံးသော စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Eurosport

ဆန်ချိုဟာ ၂၀၁၇ခုနှစ်ကနေ ၂၀၂၁ခုနှစ်အထိ ဒေါ့မွန်မှာ ဘောလုံးရာသီ (၄)ရာသီ ဖြတ်သန်းခဲ့ပြီး (၁၃၇)ပွဲကစား ဂိုး (၅၀)သွင်းယူရင်း (၆၄)ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ဦးစာရင်းမှာ (၂)ရာသီဆက်တိုက်အထိ ရွေးချယ်ခံခဲ့ရပါသေးတယ်။

ဒီလို ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆန်ချိုက ၂၀၂၁ခုနှစ်မှာ ဒေါ့မွန်က မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ရင်း အင်္ဂလန်မြေဆီ ပြန်ရောက်ချိန်မှာပဲ သူရဲ့ တောက်ပမှုတွေက တဖြည်းဖြည်းနဲ့ မှေးမှိန်သွားခဲ့ရပါတယ်။

Photo Credit : DerWesten

အခုဆိုရင် ဆန်ချိုက အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်နဲ့ပါ ဆက်ဆံရေးတွေ အဆင်မပြေ ဖြစ်နေရာကနေ ပွဲကစားခွင့်တွေလည်း တောက်လျှောက် ပျောက်ဆုံးနေရသလို လာမယ့် ဈေးကွက်ထဲမှာပါ အသင်းကနေ ရောင်းချခံရဖွယ်လည်း ရှိနေပါတယ်။

ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ဆန်ချိုကို လိုက်ပ်ဇစ်အသင်းက ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပေမယ့်လည်း ဆန်ချိုရဲ့ လုပ်ခလစာက အလွန် မြင့်မားလွန်းနေတာက သူတို့အသင်းအတွက် အခက်အခဲ ဖြစ်နေရပြီး ဆန်ချိုကို လိုက်ပ်ဇစ်အပြင် ဂျုဗင်တပ်စ်ကလည်း စောင့်ကြည့်လျက် ရှိနေပါတယ်။