MySport Myanmar

ဗာနာကို ပြန်လည် ခေါ်ယူချင်နေပေမယ့် ဂါဗာဒီယိုနဲ့ swap deal မလုပ်ချင်တဲ့ လိုက်ပ်ဇစ်

ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းဖြစ်သူ တိုက်စစ်မှူး တီမိုဗာနာကို ချယ်လ်ဆီးအသင်းကနေ ပြန်လည် ခေါ်ယူသွားချင်နေပေမယ့် ချယ်လ်ဆီးဘက်ကနေ ခေါ်ယူချင်နေတဲ့ ခံစစ်ကစားသမားအတွက် ဂါဗာဒီယို့အတွက် ပြောင်းရွှေ့ကြေး+ဗာနာအငှားချပေးမယ်ဆိုတဲ့ swap deal ကမ်းလှမ်းမှုကိုတော့ လက်ခံသွားဖွယ် မရှိဘူးလို့ သိရပါတယ်။

Photo Credit : Sportfooty

အသက်(၂၆)နှစ်အရွယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ၂၀၂၀ခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့အတူ ဘောလုံးရာသီ (၂)ရာသီထိ ဖြတ်သန်းထားခဲ့ပြီးပြီ ဖြစ်ပါတယ်။ ပထမရာသီနဲ့ ဒုတိယရာသီအတွင်းမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံကိုမှ (၁၂)ဂိုး (၁၁)ဂိုးသာ သွင်းယူပေးထားနိုင်တဲ့ ဗာနာဟာ လက်ရှိမှာလည်း အသင်းနဲ့ လာမယ့်ဘောလုံးရာသီကို မစတင်ခင် သူရဲ့ အနာဂတ် အခြေအနေက အလှုပ်ခတ်ဆုံး အခြေအနေမှာ ရှိနေရပြီး သူ့ကိုလည်း ဂျုဗင်တပ်စ်အသင်းနဲ့ အသင်းဟောင်း လိုက်ပ်ဇစ်တို့က ပစ်မှတ်ထားလာကြပါတယ်။

Photo Credit : Yahoo! Sports UK

ဒီအချိန်မှာ ခံစစ်ကစားသမားတစ်ဦးလောက် ထပ်မံအားဖြည့်သွားဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းက လိုက်ပ်ဇစ်ရဲ့ ခရိုအေးရှား နောက်ခံကစားသမားလေး ဂါဗာဒီယိုကို ခေါ်ယူချင်နေတာကြောင့် ဂါဗာဒီယို-ဗာနာ swap deal အပြောင်းအရွှေ့သတင်းက ထွက်ပေါ်လာခဲ့ရပါတယ်။ ချယ်လ်ဆီးဘက်က ဂါဗာဒီယိုအတွက် ပြောင်းရွှေ့ကြေးတချို့နဲ့ လိုက်ပ်ဇစ် ကစားသမားဟောင်း ဗာနာကို တစ်ရာသီအငှားဆိုတဲ့ ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖို့အတွက် တနင်္ဂနွေနေ့က လိုက်ပ်ဇစ်အသင်းနဲ့ တိုက်ရိုက် တွေ့ဆုံမှု ပြုလုပ်ခဲ့ရင်းနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ်ဘက်ကတော့ သူတို့ရဲ့ ကစားသမားဟောင်း ဗာနာကိုသာ အငှား ဒါမှမဟုတ် အပြီးသတ် အပြောင်းအရွှေ့မျိုးနဲ့သာ ခေါ်ယူသွားချင်နေပြီး ချယ်လ်ဆီး အလိုရှိနေတဲ့ ဂါဗာဒီယိုကိုတော့ အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းထားချင်နေပါတယ်။ ဒီဈေးကွက်ထဲ အပါအဝင် ပြီးခဲ့တဲ့ ဈေးကွက်တွေမှာကတည်းက အူပယ်မီကာနို ကွန်နတေးနဲ့ မူခေလေတို့လို ခံစစ်မှူးတွေကို လက်လွတ်ထားခဲ့ရတဲ့ လိုက်ပ်ဇစ်က ဂါဗာဒီယို့ကိုတော့ အသင်းမှာပဲ ဆက်ထိန်းထားချင်သလို ဗာနာကိုယ်တိုင်ကလည်း သူ့အသင်းဟောင်း ပြန်သွားရဖို့အတွက် သူရဲ့ လုပ်ခလစာကို လျှော့ယူသွားဖို့အထိပါ စီစဉ်နေတယ်လို့ သိရှိရပါတယ်။

Exit mobile version