MySport Myanmar

ဆက်စ်ကိုအတွက် ငှက်ကျားတို့ရဲ့ ကမ်းလှမ်းမှုကြီးကို လိုက်ပ်ဇစ် ပယ်ချ

နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး အလက်ဇန်းဒါး အီဆက်ခ်နေရာကို ဆက်ခံမယ့်သူ ရှာဖွေမှုဟာ အကြပ်အတည်းတစ်ခုနဲ့ စတင်ရင်ဆိုင်နေရပါပြီ။ သူတို့ရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုအတွက် နယူးကာဆယ်ရဲ့ ကလပ်စံချိန်တင် ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်အသင်းက ပယ်ချလိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ဒီအခြေအနေဟာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ မျှော်လင့်နေတဲ့ အီဆက်အတွက်ပါ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အကြောင်းကတော့ နယူးကာဆယ်အသင်းက သူ့နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကောင်းတစ်ဦးကို ခေါ်ယူနိုင်မှသာ အီဆက်ရဲ့ အပြောင်းအရွှေ့က ဖြစ်မြောက်လာနိုင်မှာဖြစ်လို့ပါပဲ။

Photo Credit : FourFourTwo

နယူးကာဆယ်အသင်းဟာ အသက်(၂၂)နှစ်အရွယ် ဆက်စ်ကိုအတွက် ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို(၈၂)သန်း(ပေါင် ၆၉.၉ သန်း)နဲ့ တရားဝင် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုမှာ ကနဦးငွေသား ပေါင်(၆၅.၅)သန်း ပါဝင်ပြီး နောက်ထပ် ဆုကြေးအဖြစ် ပေါင်(၄.၄)သန်း ထပ်မံပေးချေမှာဖြစ်ပါတယ်။ ဒါပေမဲ့ လိုက်ပဇစ်အသင်းကတော့ ဒီကမ်းလှမ်းမှုရဲ့ ငွေပေးချေမှုပုံစံကို သဘောမကျတဲ့အတွက် ပယ်ချခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ အောင်မြင်ခဲ့ရင် ၂၀၂၂ ခုနှစ်က အီဆက်ခ်ကို ဆိုစီဒက်အသင်းကနေ ပေါင်သန်း(၆၀)နဲ့ ခေါ်ယူခဲ့တဲ့ စံချိန်ကို ကျော်ဖြတ်သွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လီဗာပူးလ်အသင်းဟာ အီဆက်အတွက် ပေါင်သန်း(၁၀၀)နဲ့ ကနဦးကမ်းလှမ်းခဲ့ရာမှာ နယူးကာဆယ်က ချက်ချင်းပယ်ချခဲ့ပြီးနောက် ဒုတိယအကြိမ် ကမ်းလှမ်းမှု ပြုလုပ်ဖို့ စီစဉ်နေတယ်လို့ Mail Sport က သီးသန့်ဖော်ပြထားပါတယ်။ နယူးကာဆယ်ဘက်ကတော့ သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပေါင်သန်း(၁၅၀)အထက် ရရှိမှသာ ရောင်းချဖို့ ဆုံးဖြတ်ထားပါတယ်။

Photo Credit : Transfermarket

အီဆက်ကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ ဖိအားပေးနေပုံရပြီး နယူးကာဆယ်ရဲ့ အာရှတိုက် ရာသီကြိုခရီးစဉ်ကို လိုက်ပါခဲ့ခြင်း မရှိပါဘူး။ အသင်းက အီဆက်ခ်ဟာ ပေါင်ခြံမှာ အသေးစားဒဏ်ရာရနေတယ်လို့ အကြောင်းပြခဲ့ပေမယ့် သူ့ရဲ့ ဆေးစစ်ချက်တွေမှာတော့ ဘာဒဏ်ရာမှ မရှိတာကို တွေ့ခဲ့ရပါတယ်။ သူဟာ သူ့ရဲ့အသင်းဟောင်း ဆိုစီဒက်ရဲ့ လေ့ကျင့်ရေးကွင်းမှာ သွားရောက်လေ့ကျင့်နေခဲ့ပြီး အခုမှ အသင်းဆီ ပြန်ရောက်လာတာဖြစ်ပါတယ်။

နည်းပြ အက်ဒီဟောင်း ကိုယ်တိုင်က အီဆက်ရဲ့ အသင်းဟောင်းမှာ သွားရောက်လေ့ကျင့်နေမှုကို မီဒီယာတွေကနေတစ်ဆင့်သာ သိခဲ့ရကြောင်း ဝန်ခံခဲ့ပြီး “ဒီအခြေအနေက စိတ်တိုင်းကျစရာ မရှိသလို တော်တော်လေး ရှုပ်ထွေးပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆက်စ်ကိုဟာ နယူးကာဆယ်ကို ပြောင်းရွှေ့မလား မန်ချက်စတာ ယူနိုက်တက်ကို ပြောင်းရွှေ့မလားဆိုတာကို မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ သူ့ရဲ့ဇာတိ ဆလိုဗေးနီးယားမီဒီယာတွေကတော့ သူဟာ နယူးကာဆယ်ကိုသာ ပြောင်းရွှေ့ဖို့ ပိုပြီးဆန္ဒရှိနေတယ်လို့ သောကြာနေ့က ဖော်ပြခဲ့ပါတယ်။

Exit mobile version