ဘွန်ဒက်လီဂါ နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ ရက်ဘူးလ် လိုက်ပ်ဇက်အသင်း ကတော့ ဂျာမန် အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတသင်း ဖြစ်တဲ့ စပါးအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ နစ်ဂယ်စမန်းကို ခေါ်ယူချင်တဲ့ အသင်းတွေအနေနဲ့ သူတို့အသင်းကို ပေးချေရမယ့် စာချုပ်ဖျက်သိမ်းကြေး ပမာဏကို သတ်မှတ်ခဲ့ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။ အသက် ၃၃နှစ် အရွယ်သာ ရှိသေးတဲ့ ဂျာမန်လူမျိုးနည်းပြ နစ်ဂယ်စမန်းဟာ နည်းပြလောကထဲကို ယူ-၁၇အသင်းတွေရဲ့ အကူနည်းပြဘဝကနေ စတင် ဝင်ရောက်လာသူ ဖြစ်ပြီး အသင်းကြီးတသင်းရဲ့ နည်းပြချုပ်ရာထူးကိုတော့ ဟော့ဖန်ဟိမ်းအသင်းမှာ ရရှိခဲ့သူပါ။

Photo Credit: Fot Mob

နစ်ဂယ်စမန်းဟာ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၁၁ရက်နေ့မှာ ဟော့ဖန်ဟိမ်းအသင်းကို စတင် ကိုင်တွယ်ခဲ့ပြီး အသင်းနဲ့အတူ ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့ခြင်း မရှိပေမယ့် သူ့ရဲ့ တိုက်စစ်အသားပေး ကစားဟန် ၊ လူငယ်တွေကို ရဲဝံ့စွာ နေရာပေးရဲမှုတွေကြောင့် တက်သစ်စ လူငယ်နည်းပြတွေထဲမှာ အကောင်းဆုံး နည်းပြတဦး အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ဟော့ဖန်ဟိမ်းအသင်းမှာ ပြသခဲ့တဲ့ သူ့ရဲ့ ဦးဆောင်မှုတွေကြောင့် ၂၀၁၉ခုနှစ်မှာတော့ နစ်ဂယ်စမန်းဟာ လိုက်ပ်ဇက်အသင်းရဲ့ နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းရဲ့ သမိုင်းကြောင်း တစ်လျှောက် ပထမဦးဆုံးအကြိမ် အဖြစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်အောင် အသင်းကို ဦးဆောင်ပေးနိုင်ခဲ့သလို သူ့ရဲ့ လက်အောက်မှာ လိုက်ပ်ဇက်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်း ဖြစ်လာခဲ့ပါတယ်။

Photo Credit: Fot Mob

ဒါကြောင့်ပဲ လက်ရှိမှာ အမြဲတမ်း နည်းပြနေရာ လစ်လပ်နေတဲ့ စပါးအသင်းနဲ့ ဂျာမန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ဟာ နစ်ဂယ်စမန်းကို ခေါ်ယူဖို့ ချဉ်းကပ်နေတာ ဖြစ်ပြီး လိုက်ပ်ဇက်အသင်း ကတော့ သူတို့အသင်းရဲ့ နည်းပြကို အလွယ်တကူ အဆုံးရှုံးခံမှာ မဟုတ်ကြောင်း သတိပေးထားပါတယ်။ နာမည်ကြီး သတင်းဌာနတခု ဖြစ်တဲ့ Goalရဲ့ အဆိုအရတော့ လိုက်ပ်ဇက်အသင်းဟာ နစ်ဂယ်စမန်းကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်ပြုမှာ မဟုတ်ပဲ နစ်ဂယ်စမန်းကို နည်းပြအဖြစ် ခန့်အပ်ချင်တဲ့ အသင်းတွေဟာ သူတို့အသင်းကို စာချုပ်ဖျက်သိမ်းကြေး အဖြစ် ယူရို ၃၀သန်း အထိ ပေးချေရမယ်လို့ ပြောဆိုထားကြောင်း သိရပါတယ်။