ယနေ့ နေ့လယ်ပိုင်းမှာတော့ ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်က သူတို့အသင်းရဲ့ နည်းပြဖြစ်သူ တဲဒက်စ်ကိုကို ရာထူးကနေ ထုတ်ပယ်ကြောင်း ကြေညာခဲ့သလို လိုက်ပ်ဇစ်ရဲ့ ကြေညာမှုအပြီး နာရီပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးကလည်း သူတို့အသင်းရဲ့ ဂျာမန်လူမျိုး နည်းပြဖြစ်သူ သောမတ်စ် တူဟယ်လ်နဲ့ လမ်းခွဲခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

တဲဒက်စ်ကိုနဲ့ တူဟယ်လ်တို့ နှစ်ဦးစလုံးက နည်းပြကောင်းတွေ ဖြစ်ကြပေမယ့် ယခုနှစ် ရာသီမှာတော့ သူတို့နှစ်ဦးစလုံး ကိုင်တွယ်နေတဲ့ လိုက်ပ်ဇစ်ရော ၊ ချယ်လ်ဆီးရောဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေကြရပြီး တဲဒက်စ်ကိုရဲ့ လိုက်ပ်ဇစ်က ယခုနှစ်ရာသီမှာ ၈ပွဲ ကစားထားရာ ၂ပွဲနိုင် ၂ပွဲသရေ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားကာ တူဟယ်လ်ရဲ့ ချယ်လ်ဆီးကလည်း ပြိုင်ပွဲစုံမှာ ၇ပွဲ ကစားထားရာ ၃ပွဲနိုင် ၊ ၁ပွဲသရေ ၊ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ သက်ဆိုင်ရာ နှစ်သင်းစလုံးက တဲဒက်စ်ကို ၊ တူဟယ်လ်တို့နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပြီး လက်ရှိမှာတော့ လိုက်ပ်ဇစ်ရဲ့ ပရိသတ်တွေက သူတို့အသင်းရဲ့ နည်းပြအဖြစ် ချယ်လ်ဆီးနဲ့ လမ်းခွဲထားတဲ့ တူဟယ်လ်ကို မြင်တွေ့ချင်နေကြောင်း ဂျာမန်အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရပေမယ့် တူဟယ်လ်က ချယ်လ်ဆီးကို ကိုင်တွယ်ခဲ့တဲ့ ၂နှစ် ဝန်းကျင် ကာလအတွင်းမှာ ချန်ပီယံလိဂ်ဖလား ၊ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သလို သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပွဲ ၁၀၀ အတွင်းမှာ ၆၂ပွဲနိုင် ၊ ၁၉ပွဲသရေ ၊ ၁၈ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားတာကြောင့် သူ့ရဲ့ ချယ်လ်ဆီးနည်းပြဘဝ နိုင်ပွဲရာခိုင်နှုန်းဟာ ၆၂ရာခိုင်နှုန်း အထိ ရှိခဲ့ပြိး ရှုံးပွဲကလည်း ၁၈ရာခိုင်နှုန်းသာ ရှိခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ လိုက်ပ်ဇစ်ပရိသတ်တွေက သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် တူဟယ်လ်ကို မြင်တွေ့ချင်နေကြပြီး တူဟယ်လ်ကို ခေါ်ယူပေးဖို့လည်း လူမှုကွန်ယက် စာမျက်နှာတွေပေါ် ကနေ တဆင့် သူတို့အသင်းကို တိုက်တွန်း တောင်းဆိုနေကြပါတယ်။

လိုက်ပ်ဇစ် ပရိသတ်တွေက “တူဟယ်လ်ရဲ့ အိမ်ပြန်ချိန်ကို ရောက်လာပြီ” ၊ “တူဟယ်လ်က ငါတို့ဆီ ပြောင်းလာတော့မယ်လို့ ငါ အာရုံရနေတယ်” ၊ “ချယ်လ်ဆီးက တူဟယ်လ်နဲ့ လမ်းခွဲလိုက်တာ တကယ်ကို ကောင်းတာပဲ။ အခုဆိုရင် ငါတို့က ကမ္ဘာ့အဆင့် ဂျာမဏီလူမျိုး နည်းပြတယောက်ကို ခေါ်လို့ရပြီဟေ့” ၊ “လိုက်ပ်ဇစ်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ အသင်းပဲ။ လာမယ့် ကြာသပတေးနေ့ကို စောင့်ကြည့်ရမယ်။ အဲ့ဒီနေ့တော့ တူဟယ်လ်နဲ့ ပတ်သတ်ပြီး သတင်းကောင်း ကြားရမယ် ထင်တယ်” ဆိုပြီး အသီးသီး ရေးသားကာ တူဟယ်လ်ကို ခေါ်ယူပေးဖို့ တောင်းဆိုနေကြတာပဲ ဖြစ်ပါတယ်။