ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်က သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် နာပိုလီရဲ့ ကွင်းလယ်လူ အယ်လ်မက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် မြောက်မက်ဆီဒိုးနီးယား လက်ရွေးစင် ကွင်းလယ်လူ အယ်လ်မက်စ်က ဗဟိုကွင်းလယ်နေရာမှာ အဓိက ကစားလေ့ ရှိသူ ဖြစ်ပြီး သူက လိုအပ်ရင် ကွင်းလယ်တိုက်စစ်နဲ့ ဘယ်တောင်ပံမှာပါ ထွက်ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Standard

အယ်လ်မက်စ်က ၂၀၁၉ခုနှစ်မှာ ဖီနာဘာချီ ကနေ နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၁၆သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူက နာပိုလီနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

အယ်လ်မက်စ်က ခြေစွမ်းခြေစ ရှိတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် နာပိုလီမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရပြီး နာပိုလီရဲ့ တာဝန်ရှိသူတွေကလည်း အသင်းမှာ ၄နှစ်ကျော် ရှိနေခဲ့ပေမယ့် အခုချိန်အထိ ပုံမှန် ကစားခွင့် မရသေးတဲ့ အယ်လ်မက်စ်ကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချချင်နေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်ဟာ အယ်လ်မက်စ်ကို ခေါ်ယူဖို့ အတွက် နာပိုလီနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေရာ သဘောတူညီမှု ရရှိဖို့ အလွန် နီးစပ်နေပြီး အယ်လ်မက်စ်ကတော့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ လိုက်ပ်ဇစ်ထံ ပြောင်းရွှေ့ရန် ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

လိုက်ပ်ဇစ်က အယ်လ်မက်စ်အတွက် နာပိုလီထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ပေးချေရဖို့ ရှိနေပြီး ယခုရက်ပိုင်း အတွင်းမှာပဲ လိုက်ပ်ဇစ်နဲ့ နာပိုလီကြားမှာ အယ်လ်မက်စ် အတွက် တရားဝင် သဘောတူညီမှု ရရှိဖို့ ရာခိုင်နှုန်း များနေပါတယ်။