ဒီနေ့သောကြာညမှာတော့ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်(၃၁)ရဲ့ ပထမဆုံးပွဲအနေနဲ့ ဟော့ဖန်ဟိမ်းအသင်းနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက် ကြိုးပမ်းနေရတဲ့ လိုက်ပ်ဇစ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ဧည့်သည်လိုက်ပ်ဇစ်အသင်းက အိမ်ရှင်အသင်းကို (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာကို ပိုင်ဆိုင်ထားတဲ့ လိုက်ပ်ဇစ်အသင်းဟာ ဝါနာ ပက်ထရစ်ရှက်ခ် ဆာဘစ်ဇာ အိုလ်မို ဟလ်စတန်ဘတ်ချ် အန်ဂျလီနိုတို့လို အဓိက ကစားသမားတွေနဲ့ ဟော့ဖန်ဟိမ်းအသင်းကို ရင်ဆိုင်လာခဲ့ပါတယ်။ ပွဲအစပိုင်းလောက်မှာပဲ ဟော့ဖန်ဟိမ်းတို့ ပင်နယ်တီကန်ခွင့် ပိုင်ဆိုင်ခဲ့ရပေမယ့် VAR ပြန်လည်စစ်ဆေးရာမှာတော့ ပြစ်ဒဏ်ကျူးလွန်းမခံရခင်မှာ ဟော့ဖန်းဟိမ်းဘက်က ဘောလုံးကို လက်နဲ့ထိမိခဲ့လို့ ပင်နယ်တီပေးမှုကို ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာပဲ ချက်ချင်းဆိုသလို လိုက်ပ်ဇစ်ဘက်ကနေ ဦးဆောင်ဂိုးတွေကို စတင်ပိုင်ဆိုင်ခဲ့ပြီး စပိန်ကစားသမားလေး အိုလ်မိုတစ်ယောက်တည်းကပဲ (၉)မိနစ်နဲ့ (၁၁)မိနစ်တွေမှာ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းပြီးခါနီး ဝါနာ အခွင့်အရေးကောင်း ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အ့ံအားသင့်စဖွယ် လွဲချော်ခဲ့ရပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဟော့ဖန်ဟိမ်းအသင်းဟာ ပထမပိုင်းမှာကတည်းက ဂိုးကန်သွင်းခွင့်တွေ များပြားစွာ ပိုင်ဆိုင်ခဲ့ပေမယ့်လည်း (၁)ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ထိုးဖောက်မှုတွေက ပိုမိုကောင်းမွန်လာခဲ့ကာ လိုက်ပ်ဇစ်ခံစစ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။ လိုက်ပ်ဇစ်ကလည်း ကစားအားကို လုံးဝလျှော့ချခဲ့ခြင်းမရှိပဲ ဆက်လက်ဖိအားပေးကစားခဲ့လို့ ပွဲကအကြိတ်အနယ်ရှိခဲ့ကာ သွင်းဂိုးတွေ ထပ်မံသွင်းယူနိုင်ခြင်းမရှိတော့တာကြောင့် ဧည့်သည်လိုက်ပ်ဇစ်ကပဲ ဂိုးပြတ်နိုင်ပွဲရသွားခဲ့ပါတယ်။