MySport Myanmar

အော်လ်မိုအတွက် ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို လိုက်ပ်ဇစ်က လုံးဝ စိတ်မဝင်စား

လိုက်ပ်ဇစ်အသင်းရဲ့ စပိန် ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီ အော်လ်မိုအတွက် ဘာစီလိုနာအသင်းဘက်က ကမ်းလှမ်းလာတဲ့ ကမ်းလှမ်းချက်အပေါ် လိုက်ပ်ဇစ်အသင်းက လုံးဝ စိတ်ဝင်စားခြင်း မရှိခဲ့တဲ့အပြင် အပြတ်အသတ်ကို ငြင်းဆန် ပယ်ချခဲ့တယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းက ဒီနွေမှာ ယူရိုချန်ပီယံ စပိန်လက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမား နီကို ဝီလီယံစ်နဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီ အော်လ်မိုတို့ကို ခေါ်ယူသွားဖို့ အတော်လေး စိတ်ဝင်စားလျက် ရှိနေပြီး ကစားသမား (၂)ဦးလုံးကိုလည်း အသင်းရဲ့ အဓိကပစ်မှတ်တွေအဖြစ်ပါ သတ်မှတ်လို့ထားပါတယ်။

Photo Credit : ESPN

အသက် (၂၆)နှစ်အရွယ် စပိန်ကစားသမား အော်လ်မိုဟာ ဘာစီလိုနာ လူငယ်အသင်းဆီကို ၂၀၁၃ခုနှစ်ကတည်းက ရောက်ရှိနေခဲ့တာဖြစ်ပြီး တစ်နှစ်အကြာမှာပဲ ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်အသင်းဆီ ရောက်ရှိခဲ့ရင်း ၂၀၂၀မှာပဲ လိုက်ပ်ဇစ်အသင်းဆီ ထပ်မံ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒိုင်နမို ဇာဂရက်မှာ ပါဝင်စဉ်ကတည်းက ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်ကို ရောက်ရှိလာတော့လည်း သူရဲ့ ခြေစွမ်းတွေကို ပိုမို သတိထားကြပါတယ်။ အခုဆိုရင် အော်လ်မိုကို သူ့အသင်းဟောင်း ဘာစီလိုနာနဲ့အပြိုင် မန်ချက်စတာ စီးတီးအသင်းကလည်း စိတ်ဝင်စားလို့နေပြီး ဒီနွေမှာပဲ အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။

Photo Credit : Barca Blaugranes

ကနဦးပိုင်းမှာတော့ လိုက်ပ်ဇစ်နဲ့ အော်လ်မိုတို့ကြား ယူရို သန်း(၆၀) စာချုပ်ဖျက်သိမ်းကြေး ရှိခဲ့ပြီး အခု အဲ့ဒီ စာချုပ်ဖျက်သိမ်းကြေးအတွက် သတ်မှတ်ထားတဲ့ နေ့ရက်က ကျော်လွန်သွားခဲ့ပေမယ့်လည်း လိုက်ပ်ဇစ်ဘက်ကတော့ သူတို့ကစားသမားအတွက် ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းလာမယ်ဆိုရင် လက်ခံစဉ်းစားပေးသွားဖို့ ရှိနေပါတယ်။

ဒါကြောင့် ဘာစီလိုနာက အော်လ်မိုအတွက် ယူရို သန်း(၆၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ကနဦး ပေးချေမှု ယူရို သန်း(၄၀)ကိုမှ လာမယ့် ၂၀၂၅ခုနှစ်ကနေ တစ်နှစ်ချင်းစီ ယူရို (၁၀)သန်း အရစ်ကျ ပေးချေသွားမှာဖြစ်ပြီး ကျန်တဲ့ ယူရို သန်း(၂၀)ကို အပိုဆုကြေးအဖြစ် ယူရို (၁၀)သန်းစီ ခွဲဝေကာ ၂၀၂၉ခုနှစ်အတွင်း ဘာစီလိုနာနဲ့ လာလီဂါဖလား (၂)ကြိမ်ရရင် ယူရို (၁၀)သန်း ချန်ပီယံလိဂ်ဖလား (၂)ကြိမ်ရရင် ယူရို (၁၀)သန်းဆိုပြီး အပိုဆုကြေး ပေးသွားမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကမ်းလှမ်းချက်ကိုတော့ လိုက်ပ်ဇစ်ဘက်က လုံးဝ စိတ်မဝင်စားပဲ ချက်ချင်း ပယ်ချခဲ့ပါတယ်။

Exit mobile version