အခုတစ်ပတ် ကြားရက်အတွင်း ဂျာမန်ဘွန်ဒစ်လီဂါ ပွဲစဉ်(၂၈)ကို ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ပြီး မနေ့ညက ဒေါ့မွန်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ဂျာမန်အယ်ဂလက်စီကိုအဖြစ် ရင်ဆိုင်ကစားခဲ့သလို ဒီနေ့မှာလည်း ပွဲစဉ်(၂၈)ရဲ့ နောက်ထပ်ပွဲကောင်းတစ်ပွဲအဖြစ် RB လိုက်ပ်ဇစ်အသင်းနဲ့ ဟာသာဘာလင်အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ပါတယ်။

Photo Credit :  Getty Image

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝုလ်ဖ်ဘတ်ကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ လိုက်ပ်ဇစ်အသင်းဟာ ဝါနာ ပက်ထရစ်ရှက်ခ် အန်ကူကူ ဆာဘစ်ဇာ အမ်ပါကာနိုတို့လို အဓိက ကစားသမားတွေနဲ့ ပွဲထုတ်လာခဲ့ပေမယ့်လည်း နည်းပြသစ်လက်အောက်မှာ ရလဒ်တွေ တောက်လျှောက်ကောင်းမွန်လာနေတဲ့ ဟာသာဘာလင်ကလည်း အဝေးကွင်းမှာ အိမ်ရှင်အသင်းကို အခက်တွေ့အောင် ကစားပြနိုင်ခဲ့သလို ပွဲအစ (၉)မိနစ်မှာပဲဲ ကွင်းလယ်လူဂရုဂျစ်က ဟာသာဘာလင်အတွက် အဖွင့်ဂိုးကို စောစောစီးစီး ရယူပေးနိုင်ခဲဲ့ပါတယ်။ (၂၄)မိနစ်မှာတော့ နောက်ခံလူ ကလိုစတာမန်းက လိုက်ပ်ဇစ်အတွက် အဖိုးတန်ချေပဂိုးကို ပြန်လည်သွင်းယူခဲ့ပြီး ပထမပိုင်းကို သရေရလဒ်နဲ့ အဆုံးသတ်ခဲ့ပါတယ်။

Photo Credit :  Getty Image

ပထမပိုင်းမှာကတည်းက အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိခဲဲ့တဲ့ ဒီ(၂)သင်းဟာ ဒုတိယပိုင်းမှာ အနိုင်ရလဒ်ပိုင်ဆိုင်နိုင်ရေးအတွက် ဆက်လက်အင်တိုက်အားတိုက် ကစားခဲ့ပြီး (၆၃)မိနစ်မှာ လိုက်ပ်ဇစ်နောက်ခံလူ ဟယ်စတန်ဘတ်ချ် (၂)ဝါ(၁)နီနဲ့ အထုတ်ပယ်ခံလိုက်ရပါတယ်။ ကစားသမား(၁၀)ယောက်ပဲ ကျန်တော့တဲ့ အိမ်ရှင်အသင်းဟာ (၆၈)မိနစ်မှာတော့ ဦးဆောင်ဂိုးကို ပိုင်ဆိုင်သွားခဲ့ရပြီး တိုက်စစ်မှူးပက်ထရစ်ရှက်ခ်ရဲ့ အားပါလှတဲ့ကန်ချက် ဟာသာဘာလင်ဂိုးသမား ဖမ်းယူပုံ မသေသပ်မှုကနေ ဂိုးရခဲ့တာဖြစ်ပါတယ်။ (၈၂)မိနစ်အရောက်မှာတော့ ဟာသာဘာလင်တို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး လူစားဝင်တိုက်စစ်မှူး ပီယွန်တက်ခ်က သွင်းယူနိုင်ခဲ့လို့ (၂)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။