ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် လိုက်ပ်ဇစ်က သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ ချယ်လ်ဆီး တိုက်စစ်မှူး တီမိုဗာနာကို ပြန်လည် ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာက ၂၀၂၀ခုနှစ်မှာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးထံ မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးနဲ့ ၂၀၂၅ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ရှိနေသူပါ။

Photo Credit: Sky Sports

တီမိုဗာနာက လိုက်ပ်ဇစ်နဲ့အတူ ဂျာမန်မြေမှာ လိုက်ပ်ဇစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးဆီ ရောက်ရှိလာချိန်မှာတော့ အသင်းနဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရသလို ချယ်လ်ဆီးနည်းပြ တူဟယ်လ်နဲ့လည်း ဆက်ဆံရေး ဆိုးရွားခဲ့ပါတယ်။

ဒါကြောင့်ပဲ တီမိုဗာနာက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့သလို လိုက်ပ်ဇစ်ကလည်း သူတို့ရဲ့ တိုက်စစ်မှူးဟောင်း တီမိုဗာနာကို အသင်းထံ ပြန်လည် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်က ယနေ့မှာပဲ တီမိုဗာနာကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ သဘောတူညီမှု ရခဲ့ပြီး လာမယ့် ရက်အနည်းငယ် အတွင်း တီမိုဗာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်တော့မယ်လို့ သိရပါတယ်။

လိုက်ပ်ဇစ်က တီမိုဗာနာ အတွက် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ဘယ်ရွေ့ဘယ်မျှ ပေးချေရမလဲ ဆိုတာ မသိရသေးပေမယ့် ချယ်လ်ဆီးက တီမိုဗာနာ အတွက် အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း တောင်းဆိုဖွယ် ရှိကြောင်း ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။