နောက်ပိုင်းနှစ်တွေမှာ လူငယ် ကစားသမားတွေရဲ့ ခြေစွမ်းတွေကြောင့် ဘွန်ဒက်လီဂါရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်လာတဲ့ လိုက်ပ်ဇစ်အသင်း ကတော့ သူတို့အသင်းရဲ့ ညီအစ်မ ကလပ်အသင်း တစ်ခု ဖြစ်တဲ့ ဆဲလ်ဘက်အသင်းရဲ့ ကွင်းလယ် ကစားသမား ဆာဘော့ဇလိုင်းကို ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ ဂျာမန်ကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ဩစတီးယားကလပ် ဆဲလ်ဘက်အသင်းတို့ဟာ ပိုင်ရှင်တစ်ဦးတည်းက ပိုင်ဆိုင်တဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ဆဲလ်ဘက်အသင်းဟာ ဥရောပ တစ်လွှားမှာ ရှိတဲ့ ရွက်ပုန်းသီး လူငယ်ကြယ်ပွင့်တွေိကို ရှာဖွေကာ နေရာပေးလေ့ ရှိတဲ့ အသင်းတစ်သင်း ဖြစ်ပြီး လိုက်ပ်ဇစ်အသင်း ကတော့ ဆဲလ်ဘက်အသင်းမှာ ခြေစွမ်းပြ ကစားနိုင်တဲ့ လူငယ်ကြယ်ပွင့်တွေကို ခေါ်ယူလေ့ ရှိတဲ့ အသင်းတစ်သင်းပါ။

Photo Credit: Kicker

လိုက်ပ်ဇစ်အသင်းရဲ့ အဓိက ခံစစ်မှူး အူပါမီကာနို ၊ လိုက်ပ်ဇစ်အသင်း ကနေ လီဗာပူးအသင်းထံ ပြောင်းရွှေ့ သွားတဲ့ ကွင်းလယ်လူ နာဘီကီတာတို့ဟာ ဆဲလ်ဘက်အသင်းကနေ လိုက်ပ်ဇစ်အသင်းထံ ပြောင်းရွှေ့ခဲ့ကြတဲ့ ကစားသမားတွေပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆဲလ်ဘက်အသင်းနဲ့အတူ‌ တောက်ပ လာတဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဆာဘော့ဇလိုင်းဟာ လိုက်ပ်ဇစ်အသင်းထံကို ပြောင်းရွှေ့တော့မှာပဲ ဖြစ်ပါတယ်။ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဟန်ဂေရီ လက်ရွေးစင် ကွင်းလယ်လူ ဆာဘော့ဇလိုင်းဟာ ဆဲလ်ဘက်အသင်းကနေ နောက်ဆုံး ထွက်ပေါ်ထားတဲ့ လူငယ်ကြယ်ပွင့် တစ်ဦးဖြစ်ပြီး အသင်းနဲ့ ၂၀၂၂ခုနှစ် အထိ စာချုပ်သက်တမ်း ရှိတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Kicker

ဆာဘော့ဇလိုင်းဟာ ကွင်းလယ်အထိုင် နေရာမှာ ကစားလေ့ ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ပေမယ့် သွင်းဂိုးတွေ သွင်းယူနိုင်စွမ်း မြင့်မားသလို ဂိုးဖန်တီးမှုတွေကိုလည်း ပြုလုပ်နိုင်စွမ်း ရှိသူ တစ်ဦးပါ။ ဆာဘော့ဇလိုင်းဟာ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၈၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၃၄ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဆဲလ်ဘက်အသင်းကနေ ထွက်ခွာမယ့် ဆာဘော့ဇလိုင်းကို ခေါ်ယူဖို့ အတွက် ဥရောပ နာမည်ကြီး အသင်းတွေဖြစ်တဲ့ အာဆင်နယ် အသင်း ၊ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ကြိုးစားခဲ့ပေမယ့် ဆာဘော့ဇလိုင်း ကတော့ သူ့ရဲ့ ကစားသမား ဘဝအတွက် လိုက်ပ်ဇစ်အသင်းကိုသာ ရွေးချယ်ခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ ဆာဘော့ဇလိုင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ဆဲလ်ဘက်အသင်း ကနေ လိုက်ပ်ဇစ် အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ပြောင်းရွှေ့မယ်လို့ သိရပါတယ်။