ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်က ဥရောပ အသင်းကြီး အများစုရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ ဟော့ဖန်ဟိမ်း ဘယ်နောက်ခံလူ ရာအွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် ဘယ်နောက်ခံလူ ရာအွန်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဟော့ဖန်ဟိမ်းနဲ့အတူ အတော်လေး တောက်ပခဲ့သူ ဖြစ်ပြီး ဟော့ဖန်ဟိမ်း အတွက် ပြိုင်ပွဲစုံမှာ ၃၅ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၃ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒေးဗစ် ရာအွန်က ဂျာမန်သား တဦးပီပီ အတက်အဆင်း မြန်လွန်းတဲ့ ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး သူ့ရဲ့ တိုက်စစ်လိုက်ပါမှု စွမ်းရည်ဟာ အတော်လေး ကောင်းမွန်တာကြောင့် ဥရောပ အသင်းကြီးတွေ ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပါတယ်။

ဒါပေမယ့် လိုက်ပ်ဇစ်က အဆိုပါ နှစ်သင်းစလုံးကို ကျော်ဖြတ်ကာ ရာအွန်ကို ခေါ်ယူနိုင်ဖို့ ခပ်မြန်မြန် လှုပ်ရှားခဲ့ပြီး ရာအွန်ကလည်း လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီအသင်းမှာ ပါဝင်ချင်တာကြောင့် သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရရှိမယ့် လိုက်ပ်ဇစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်က ရာအွန်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူထားနိုင်သလို ဟော့ဖန်ဟိမ်းနဲ့လည်း အပြောင်းအရွှေ့ ပြုလုပ်ဖို့ ပဏာမ သဘောတူညီမှု ရရှိထားတာကြောင့် မကြာခင်မှာပဲ ရာအွန်ဟာ လိုက်ပ်ဇစ်ရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ် လို့ သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ခ်ကလည်း လိုက်ပ်ဇစ်က ရာအွန်ကို ခေါ်ယူနိုင်တော့မယ့် အကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး လိုက်ပ်ဇစ်က ရာအွန်ကို ပြောင်းရွှေ့ကြေး ယူရို ၃၃သန်းနဲ့ ခေါ်ယူဖို့ ဟော့ဖန်ဟိမ်းနဲ့ ယနေ့ညမှာပဲ သဘောတူညီမှု ရခဲ့ကြောင်း ဆိုပါတယ်။