ဒီနေ့ Super Sunday မှာ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ်(၂၇)ကို လက်ကျန်ပွဲစဉ်တွေကို ဆက်လက်ယှဉ်ပြိုင်ကစားစေခဲ့ပြီး ဒီည(၈)နာရီအချိန်မှာတော့ တန်းဆင်းဇုန်နားက မိန့်ဇ်အသင်းက ဥရောပဝင်ခွင့်အတွက် ကြိုးပမ်းလို့နေတဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ပြီး ပထမပိုင်းမှာကတည်းက တိုက်စစ်စွမ်းဆောင်ရည် ပြသနိုင်ခဲ့ကာ ဧည့်သည်လိုက်ပ်ဇစ်အသင်းက (၅)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့တစ်ပတ်က ဖရိုင်းဘတ်အသင်းနဲ့ သရေကျခဲ့ရတဲ့ လိုက်ပ်ဇစ်ဟာ သူတို့ရဲ့ ဥရောပဝင်ခွင့်ကို ပိုမိုသေချာစေနိုင်ဖို့အပြင် မနေ့က ရှံးပွဲတွေ့ထားခဲ့တဲ့ မိုချန်ဂလာဘတ်ကြောင့် မိန့်ဇ်ကို အနိုင်ရဖို့ သေချာပြင်ဆင်လာခဲ့ပါတယ်။ လိုက်ပ်ဇစ်အသင်းက ဝါနာ ဆာဘစ်ဇာ ပေါလ်ဆန် အန်ကူကူတို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ကာ ပထမပိုင်းစချိန်မှာပဲ အိမ်ရှင်မိန့်ဇ်ဘက်ကို တောက်လျှောက်ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ (၁၁)မိနစ်မှာပဲ အဓိကတိုက်စစ်မှူးဝါနာက လိုက်ပ်ဇစ်အတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ကာ (၂၃)မိနစ်မှာပဲ ဒိန်းမတ်တိုက်စစ်မှူး ပေါလ်ဆန်က လူကပ်ထားခြင်းမခံရတဲ့ အနေအထားကနေ လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ကာ ဒုတိယဂိုး ထပ်မံရယူခဲ့ပါတယ်။ (၃၆)မိနစ်မှာလည်း အသင်းခေါင်းဆောင် ဆာဘစ်ဇာက တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ပြီး မိနစ်ပိုင်းလေးအတွင်းမှာပဲ ဝါနာက လိုက်ပ်ဇစ်အတွက် စတုတ္ထမြောက်သွင်းဂိုးကို ရယူခဲ့ကာ သူရဲ့ ဘွန်ဒက်လီဂါသွင်းဂိုး (၂၃)ဂိုးအထိရှိသွားခဲ့ရပါတယ်။ စတုတ္ထဂိုးသွင်းယူပြီးနောက်မှ လိုက်ပ်ဇစ်ကွင်းလယ်လူ ကမ်းပဲလ်က ပဥ္စမမြောက်သွင်းဂိုး ရယူခဲ့ပေမယ့် ဂိုးကန်သွင်းရင်းနဲ့ ကိုယ့်အသင်းသားနဲဲ့ ထိသွားခဲ့လို့ လူကျွံဘော သတ်မှတ်ခံခဲ့ရပါတယ်။ (၇၅)မိနစ်အရောက်မှာတော့ ဝါနာက သူရဲ့ ဟက်ထရစ်သွင်းဂိုးနဲ့ လိုက်ပ်ဇစ်ရဲ့ ရလဒ်ကို ပိုမိုပြတ်သားစေခဲ့ရပါတယ်။ လိုက်ပ်ဇစ်အသင်းက ဒီနိုင်ပွဲကြောင့် လေဗာကူဆင် ယာယီတတ်လှမ်းထားတဲ့ တတိယနေရာကို ပြန်လည်ရောက်ရှိလာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆက်လက်မျှော်လင့်ချက်ကောင်းနေခဲ့ရပါတယ်။