ဒီနှစ်ဘောလုံးရာသီ လက်စတာစီးတီးအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ အကယ်ဒမီထွက် လူငယ်ကစားသမား ဟာဗေးဘန်းစ်ကိုတော့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အသင်းရဲ့နည်းပြဖြစ်သူ ယာဂင်ကလော့က ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေခဲ့ပြီး အသင်းရဲ့တိုက်စစ်မှာ ဟာဗေးဘန်းစ်လို ခွန်အားတွေ ပြေးအားတွေ စွမ်းအားတွေနဲ့ အင်တိုင်အားတိုက် ကစားနိုင်မယ့်သူကို လိုအပ်နေတဲ့အတွက် မကြာခင်မှာ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ်ရှိ အင်္ဂလန်ယူ-၂၁လက်ရွေးစင် ကွင်းလယ်ကစားသမား ဟာဗေးဘန်းစ်ဟာ လက်စတာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး အမ်ကေဒွန်းစ် ဘန်စလေနဲ့ ဝက်ဘရွန်းအသင်းတို့မှာ အငှားနဲ့ သွားရောက်ကစားခဲ့ရကာ ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာပဲ လက်စတာအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဟာဗေးဘန်းစ်က လက်စတာအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း(၃၅)ပွဲအထိ ပါဝင်ကစားထားနိုင်ခဲ့သလို သွင်းဂိုး(၆)ဂိုးနဲ့ ဂိုးဖန်တီးမှု (၈)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Daily Mail

တကယ်တော့ လီဗာပူးလ်အသင်းက ဝုလ်ဗ်အသင်းရဲ့တောင်ပံကစားသမား အဒမ်မာထရာအိုရေးကို အလိုရှိနေတာဖြစ်ပေမယ့်လည်း ဝုလ်ဗ်ဘက်က သူတို့ရဲ့ကြယ်ပွင့်ကို ရောင်းချသွားဖို့ လုံးဝဆန္ဒမရှိလို့ ထရာအိုရေးအစား ဟာဗေးဘန်းစ်ကို ပြောင်းလဲစိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ဟာဗေးဘန်းစ်ရဲ့ အသင်းရဲ့တိုက်စစ်နေရာစုံမှာ ထည့်သွင်းလာနိုင်သလို လိုအပ်ရင်လည်း အသင်းကနေ လမ်းခွဲသွားတော့မှာဖြစ်တဲ့ အဒမ်လယ်လာနာရဲ့နေရာမှာပါ အစားထိုးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာအသင်းကလည်း သူတို့ရဲ့ကြယ်ပွင့်ကစားသမားကို ရောင်းချဖို့ အစီအစဉ်မရှိပဲ တကယ်လို့ ဒီညမှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိသွားမယ်ဆိုရင် ဘန်းစ်လို အသင်းအတွက် အရေးပါလှတဲ့ ကစားသမားမျိုးကို ရောင်းချဖို့က ပိုပြီးဖြစ်နိုင်ခြေ နည်းလာနိုင်ပါတယ်။ တကယ်လို့ မဖြစ်မနေ ရောင်းချရမယ်ဆိုရင်လည်း ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ဘန်းစ်အတွက် ပြောင်းရွှေ့ကြေးကို မြင့်မားစွာ တောင်းဆိုလာနိုင်ပါတယ်။ ဒီဟာကပဲ လီဗာပူးလ်အသင်းအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်လာစေနိုင်ပြီး နည်းပြကလော့ကိုယ်တိုင်က သူတို့အသင်းအနေနဲ့ လာမယ့်စျေးကွက်အတွင်း ငွေကြေးသုံးစွဲမှုတွေကို ခပ်ကြမ်းကြမ်း လုပ်ဆောင်နိုင်မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တဲ့အတွက် ဘန်းစ်ကို ခေါ်ယူဖို့ကိစ္စကလည်း ဖြစ်နိုင်ခြေနည်းနေပါတယ်။