ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၁၈)သာ ရရှိခဲ့လို့ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့ရတဲ့ လက်စတာ စီးတီးအသင်းဟာ အခု ချန်ပီယံရှစ်မှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနေပြီး ပရီးမီးယားလိဂ်ဆီ ပြန်လည် တက်လှမ်းလာဖို့ အခြေအနေ အလွန်ကောင်းနေရပါတယ်။

မြေခွေးပြာ လက်စတာအသင်းဟာ လွန်ခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ဆွတ်ခူးခဲ့ဖူးတဲ့ ကလပ်အသင်းဖြစ်ပြီး ၂၀၁၆-၁၇ မှာလည်း ချန်ပီယံလိဂ်ကို ကွာတားဖိုင်နယ် အဆင့်ထိပါ တက်လှမ်းခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။

Photo Credit : Leicester X

ချန်ပီယံလိဂ် ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်စ်လိဂ်တို့လို ဥရောပ ပြိုင်ပွဲ (၃)ခုလုံးကို ဝင်ရောက် ဆင်နွဲခဲ့ဖူးတဲ့ ရှားရှားပါးပါး ကလပ်အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာတော့ ရမှတ် (၃၄)မှတ်သာ ရရှိခဲ့လို့ ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ချန်ပီယံရှစ်ဆီ တန်းဆင်းခဲ့ရတဲ့ လက်စတာက ဂျိမ်းစ် မက်ဒီဆန် ၊ ဆိုယွန်ဂျူ ၊ အယိုဇီ ပီရက်ဇ် ၊ ဟာဗေးဘန်းစ် ၊ ဂျွန်နီ အီဗန်စ် ၊ တီလေမန်းစ် ၊ ကက်စတာညာတို့လို ကစားသမားကောင်းတွေကို လက်လွတ်ထားခဲ့ရပြီး ဟယ်ရီဝင့် ကိုအာဒီတို့လို ကစားသမားတွေကို ပြန်လည် ဖြည့်တင်းခဲ့ကာ ဗာဒီ အီယန်နာချ်ိုတို့ကလည်း လက်စတာမှာပဲ ဆက်လက် ရှိနေခဲ့ပါတယ်။

Photo Credit : Leicester X

လက်ရှိမှာတော့ လက်စတာက ဟားလ်စီးတီးအသင်းနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံရှစ် ပွဲစဉ် (၅)မှာသာ ရှံးပွဲတွေ့ထားခဲ့ရပြီး ကျန်တဲ့ ပွဲတွေအားလုံးကို အနိုင်ရထားခဲ့ကာ (၁၃)ပွဲ ကစားထားပြီးချိန် ရမှတ် (၃၆)မှတ် ပိုင်ဆိုင်ထားရပါတယ်။

လက်စတာနဲ့ အနီးဆုံးမှာ ဖိအားလိုက်ပေးနေတဲ့ အသင်းကတော့ အစ်ဝစ်ချ်တောင်း ဖြစ်ပေမယ့်လည်း (၂)ပွဲလျော့ အနေအထားမှာ ရမှတ်က (၈)မှတ်အထိ ကွာဟနေသလို အဲ့ဒီ လက်ကျန် (၂)ပွဲလုံး အနိုင်ရရင်တောင်မှ လက်စတာနဲ့ (၂)မှတ်အထိ ကွာနေပါဦးမယ်။ ဒါ့အပြင် လက်စတာက (၈)ပွဲဆက်တိုက်ထိ ချန်ပီယံရှစ်မှာ နိုင်ပွဲဆက်ထားတဲ့ စံချိန်ကောင်းကိုလည်း ပိုင်ဆိုင်ထားပြီး လာမယ့် တစ်ပတ်မှာလည်း QPR လို တန်းဆင်းဇုန်ထဲက အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ရလဒ်တွေ ထပ်မံ ကောင်းဖို့က သေချာနေပါတယ်။