ယခုနှစ်ဘောလုံးရာသီမှာ ထိပ်တန်း ခြေစွမ်းကောင်းတွေ ပြသကာ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ရှိနေတဲ့ လက်စတာ အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ သူတို့ အသင်းရဲ့ အင်အားကို တိုးမြှင့်နိုင်ဖို့အတွက် ဘာစီလိုနာအသင်းမှာ နေရာရဖို့ ရုန်းကန်ရမယ့် ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။ လီဗာပူးအသင်းကနေ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာ အသင်းထံကို ပြောင်းရွှေ့ခဲ့တဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ထင်ထားသလို ခြေစွမ်းပြသနိုင်ခဲ့ခြင်း မရှိတာကြောင့် ယခုနှစ်ဘောလုံး ရာသီမှာ ဘွန်ဒက်လီဂါအင်အားကြီး အသင်း ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းထံကို တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့ပြီး သူ့ရဲ့ပုံမှန် ခြေစွမ်းကို ပြန်လည် ရရှိဖို့ နီးစပ်နေသူပါ။

Photo Credit: Beinsports.com

ကော်တင်ဟိုဟာ ဘွန်ဒက်လီဂါပွဲစဉ် ၂၃ပွ​ဲ ပါဝင်ကစားထားရာမှာ ၈ဂိုးသွင်းယူကာ ၆ဂိုး ဖန်တီးပေးထားနိုင်သူ ဖြစ်ပေမယ့် ဘိုင်ယန် မြူးနစ်အသင်းဘက်ကတော့ ဘာစီလိုနာအသင်း တောင်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိတာကြောင့် အငှားစာချုပ် ကုန်ဆုံးချိန်မှာပဲ ကော်တင်ဟိုကို ဘာစီလိုနာ အသင်းထံ ပြန်လည် စေလွှတ်မယ်လို့ ဂျာမန် သတင်းစာတွေက ဖော်ပြထားကြပါတယ်။ ဒါ့အပြင် ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းဆီ ပြန်ရောက်ခဲ့ရင်လဲ အသင်းရဲ့ အနာဂတ် အစီအစဉ်တွေမှာ ပါဝင်ဖို့ မရှိတာကြောင့် နွေရာသီ အပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတစ်သင်းထံကို ပြောင်းရွှေ့ရဖို့ ရှိပါတယ်။

Photo Credit: Beinsports.com

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ လက်စတာအသင်းဟာ ဘရန်ဒန်ရော်ဂျာနဲ့ လက်တွဲခဲ့ဖူးတဲ့ ကော်တင်ဟိုကို သူတို့အသင်းထံ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာ အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ကို မပေးချေနိုင်တာကြောင့် တစ်ရာသီအငှားနဲ့သာ ခေါ်ယူဖို့အတွက် ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်းနဲ့ နီးစပ်သူတွေကတော့ ကော်တင်ဟိုဟာ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေမှာ ပါဝင်ခြင်းမရှိတော့တာကြောင့် အသင်းအနေနဲ့ သူ့ကို ပြန်လည် ရောင်းချဖို့ စီစဉ်ထားကြောင်း ဖွင့်ဟထားကြပြီး ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုကို အငှားနဲ့ ထပ်မံစေလွှတ်တော့မှာ မဟုတ်ဘူးလို့လည်း ပြောဆိုထားကြပါတယ်။ ဒါ့ကြောင့် လက်စတာ အသင်းအနေနဲ့ ကော်တင်ဟိုကို ခေါ်ယူပါက ကနဦးအငှား+ ရာသီကုန်ရင် အပြီးသတ် ခေါ်ယူမယ့် သဘောတူညီချက်နဲ့သာ ကမ်းလှမ်းမှသာ အဆင်ပြေနိုင်ဖွယ် ရှိပါတယ်။