ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးအသင်းဟာ စကော့တလန် အင်အားကြီးအသင်း ဖြစ်တဲ့ ဆဲလ်တစ်အသင်းရဲ့ အဓိက တိုက်စစ်မှူး အော့ဒ်ဆုန်း အူဒိုရပ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၃နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူး အူဒိုရပ်ဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှ စတင်ကာ ဥရောပ ဘောလုံးစင်မြင့်ပေါ်မှာ နာမည်ရလာတဲ့ တက်သစ်စ တိုက်စစ်မှူးတဦး ဖြစ်ပြီး သူ့ရဲ့ တိုးအား ၊ ရုန်းအား ကောင်းတဲ့ ကစားပုံကြောင့် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းကပါ သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။

Photo Credit: Mirror

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ အူဒိုရပ်ကို စိတ်ဝင်စားနေတဲ့ အဆင့်မှာသာ ရှိသေးပေမယ့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဗာဒီ တယောက် အသက်အရွယ် ရလာတာကြောင့် အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းချင်နေတဲ့ လက်စတာ စီးတီးအသင်း ကတော့ အူဒိုရပ်ကို ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ လက်ရှိမှာ အူဒိုရပ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အများ ရှိနေပေမယ့် လက်စတာ စီးတီးအသင်းဟာ အူဒိုရပ်ကို ခေါ်ယူနိုင်ဖို့ ဆဲလ်တစ်အသင်းနဲ့ရော အူဒိုရပ်ရဲ့ အေးဂျင့်တွေနဲ့ပါ ခပ်မြန်မြန် ဆွေးနွေးနေပြီး အူဒိုရပ်ကို မကြာခင်မှာ ခေါ်ယူနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၃နှစ် အရွယ်သာ ရှိသေးတဲ့ အူဒိုရပ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဆဲလ်တစ်အသင်း အတွက် ပြိုင်ပွဲစုံမှာ ပွဲ ၄၀အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၂၂ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၆ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ တိုက်စစ်ပိုင်းမှာ ဗာဒီနဲ့ အီဟီရာနာချိုတို့ကိုသာ အားကိုးနေရတဲ့ လက်စတာ စီးတီးအသင်းဟာ အူဒိုရပ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး လက်စတာ စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာဟာ ဆဲလ်တစ်အသင်းမှာ ရှိနေစဉ်က အူဒိုရပ်ကို ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်း ကနေ ဆဲလ်တစ်အသင်းထံ ခေါ်ယူခဲ့တဲ့ နည်းပြဖြစ်တာကြောင့် အူဒိုရပ်ကလည်း ဆရာဟောင်း ဘရန်ဒန် ရော်ဂျာနဲ့ ပြန်လည် လက်တွဲဖို့ ဆန္ဒရှိနေကြောင်း ပြင်သစ်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။