ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ လက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာ ၄ပွဲဆက် ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

တချိန်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်မထင် ဗိုလ်စွဲနိုင်ခဲ့တဲ့ အထိ အောင်မြင်ခဲ့တဲ့ လက်စတာ စီးတီးက ယခုနှစ် ဘောလုံးရာသီမှာတော့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ရှမိုက်ကယ် ၊ လွတ်ခ်မန်းနဲ့ ဖိုဖာနာတို့ အသင်းကနေ ထွက်ခွာသွားကြသလို သူတို့ရဲ့ နေရာတွေ အတွက် အစားထိုး ကစားသမားတွေ ပြန်လည် မခေါ်ယူနိုင်ခဲ့တာကြောင့် ကစားသမား အင်အား လျော့နည်းလာမှုနဲ့အတူ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခဲယဉ်းနေပါတယ်။

Photo Credit: BBC

လက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၅) အဖြစ် မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း ကင်းပါဝါမှာ ဧည့်ခံ ကစားခဲ့ချိန်မှာလည်း ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီး သူတို့အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၅ပွဲ ယှဉ်ပြိုင် ကစားထားရာ ၁ပွဲသရေ ၊ ၄ပွဲရှုံး ဆိုတဲ့ ရလဒ်ဆိုးနဲ့အတူ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။

ဒါကြောင့်ပဲ လက်စတာ စီးတီးရဲ့ ဘုတ်အဖွဲ့က သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဘရန်ဒန် ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ဖို့ စဉ်းစားနေကြပြီး ဘရန်ဒန် ရော်ဂျာရဲ့ နေရာအတွက် ဆောက်သမ်တန်နဲ့ စပါးနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ မျက်စိကျနေကြောင်းလည်း လက်စတာ စီးတီးနဲ့ နီးစပ်သူတွေက ဆိုထားကြပါတယ်။

 

Photo Credit: BBC

လက်စတာ စီးတီးရဲ့ ပရိသတ်တွေကလည်း ဘရန်ဒန် ရော်ဂျာကို အသင်းကနေ ထွက်သွားဖို့ စတင် တောင်းဆိုလာကြပြီး ဘရန်ဒန် ရော်ဂျာကတော့ သူဟာ အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် ဖြစ်လာသမျှ အရာရာကို ရင်ဆိုင် ဖြေရှင်းဖို့ အဆင်သင့် ရှိနေကြောင်း မန်ချက်စတာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လက်ရှိမှာတော့ လက်စတာ စီးတီးရဲ့ တာဝန်ရှိသူတွေက ဘရန်ဒန် ရော်ဂျာရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး အကယ်၍ တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ဘရိုက်တန်နဲ့ပွဲမှာသာ ရော်ဂျာအနေနဲ့ ရလဒ်ကောင်း တခု ရယူမပေးနိုင်ခဲ့ရင် ရော်ဂျာဟာ လက်စတာ စီးတီးရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရဖွယ် ရှိပါတယ်။