မနေ့ညကတော့ နောရစ်ချ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့က အက်အေဖလားရဲ့ ကွာတားဖိုင်နယ် ပထမဆုံးပွဲကို ဆင်နွဲခဲ့ကြပြီး ယူနိုက်တက်က အချိန်ပိုဒုတိယပိုင်းမှာ သွင်းယူခဲ့တဲ့ မက်ဂွိုင်းယားရဲ့သွင်းဂိုးနဲ့ ဆီမီးဖိုင်နယ်ကို တတ်လှမ်းသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ ကွာတားဖိုင်နယ် လက်ကျန်(၃)ပွဲလုံးကို ကျင်းပသွားမှာဖြစ်ပြီးတော့ ဒီပွဲတွေထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေမယ့် လက်စတာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ပွဲစဉ်အကြောင်းလေးကို အသေးစိတ်လေး သုံးသပ်တင်ဆက်သွားချင်ပါတယ်ခင်ဗျာ။

Photo Credit : Getty Image

ဒီပွဲစဉ်မှာ အိမ်ရှင်အဖြစ်နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာအသင်းက အက်အေဖလားမှာ အောင်မြင်မှုလုံးဝမရသေးပဲ ဖိုင်နယ်ကို (၄)ကြိမ်တတ်ရောက်ဖူးပေမယ့် တစ်ကြိမ်လေးမှ ဗိုလ်မစွဲခဲ့ဖူးပါဘူး။ လက်ရှိမှာတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရမှာ ရပ်တည်နေတဲ့အသင်းဖြစ်နေသလို လာမယ့်နှစ်မှာလည်း ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရရှိဖို့ အခြေအနေကောင်းလို့နေတဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒါပေမယ့် လက်စတာက ပရီးမီးယားလိဂ် ပြန်လည်စတင်ပြီးနောက်မှာ ခြေစွမ်းပိုင်း အနည်းငယ်ကျဆင်းသွားခဲ့ပြီး နိုင်ပွဲလည်းပျောက်လို့နေပါတယ်။

Photo Credit : Getty Image

ချယ်လ်ဆီးကတော့ အက်အေဖလားရဲ့တတိယမြောက် အအောင်မြင်ဆုံးအသင်းဖြစ်ပြီး ၂၀၁၈ခုနှစ်ကပဲ ချန်ပီယံဖြစ်ထားခဲ့ပါသေးတယ်။ အစဉ်အလာကောင်းတဲ့ အသင်းတစ်သင်းဖြစ်သလို ဘောလုံးပွဲတွေ ပြန်လည်စတင်ချိန်မှာလည်း အကောင်းဆုံး Form တစ်ခုရနေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ မျှော်လင့်စရာဖလားက အက်အေနဲ့ ချန်ပီယံလိဂ်တို့သာ ကျန်ရှိတော့ပြီး ချန်ပီယံလိဂ်ကလည်း ဘိုင်ယန်ကို ပထမအကျော့မှာ (၃)ဂိုးပြတ်နဲ့တောင် အရေးနိမ့်ထားတာဖြစ်လို့ အက်အေဖလားကိုပဲ ပိုမိုအာရုံစိုက်လာနိုင်ပါတယ်။

Photo Credit : World Soccer Talk

ဒီပွဲက ဒီနေ့ည(၉)နာရီခွဲအချိန်မှာ ကျင်းပသွားမှာဖြစ်ပြီး ဒီနေ့ Super Sunday ရဲ့ အကောင်းဆုံးပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။ (၂)သင်းလုံးကလည်း ဒီနှစ်ရာသီ ပရီးမီးယားလိဂ်မှာ တွေ့ဆုံထားခဲ့စဉ်က (၂)ကျော့လုံး အနိုင်အရှံးမပေါ်ထားခဲ့လို့ အခုတတိယအကြိမ် ထိပ်တိုက်တွေ့ဆုံမှုက ပိုပြီးတော့ကို စိတ်လှုပ်ရှားစရာကောင်းနေမှာ သေချာပါတယ်။ ဘယ်အသင်း အနိုင်ရသွားမလဲဆိုတာက မှန်းဆရခက်ခဲနိုင်ပေမယ့် လတ်တလောခြေစွမ်း ပြိုင်ပွဲအတွေ့အကြုံတွေကြောင့် ချယ်လ်ဆီးကိုပဲ ရွေးချယ်ထားချင်ပါတယ်။