ယမန်နေ့ညကမှ အသင်းနည်းပြချုပ် ဘရန်ဒန် ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ လက်စတာ စီးတီးက ယနေ့မနက် အစောပိုင်းမှာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အင်္ဂလန်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားလာကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာန တချို့က ဖော်ပြသွားကြပါတယ်။

ထိုင်းလူမျိုး သန်းကြွယ်သူဌေး ဖြစ်တဲ့ အာရီဝတ် ပိုင်ဆိုင်တဲ့ လက်စတာ စီးတီးက ချန်ပီယံရှစ်ပြိုင်ပွဲ ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်လာပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံဆု ၁ကြိမ် ၊ အက်ဖ်အေဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်း အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit: Sky News

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ လက်စတာ စီးတီးက ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၉) အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့်၁၉နေရာ အထိ ရောက်ရှိနေကာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

ဒါကြောင့်ပဲ လက်စတာရဲ့ ဘုတ်အဖွဲ့က ယမန်နေ့ညမှာပဲ နည်းပြချုပ် ဘရန်ဒန် ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ကာ အသင်းကို တန်းဆင်းဇုန်ထဲ ကနေ ကယ်ထုတ်နိုင်မယ့် နည်းပြသစ် တဦးကို ရှာဖွေနေပြီး သူတို့က ပရီးမီးယားလိဂ် အတွေ့အကြုံရှိ နည်းပြတွေထဲက တဦးကို နည်းပြသစ် အဖြစ် ခန့်အပ်ချင်နေတာပါ။

လက်စတာ စီးတီးက သူတို့အသင်းနဲ့ ကိုက်ညီမယ့် နည်းပြသစ်ကို ရှာဖွေနေချိန်မှာပဲ တဖက်မှာ ယခုနှစ် ဘောလုံးရာသီ အစကမှ ဘရိုက်တန် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာဟာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ ရအောင် မယူနိုင်ခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Sky News

ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးမှာ မအောင်မြင်ခဲ့ပေမယ့် ဘရိုက်တန်နဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အထင်ကြီးစရာ စွမ်းဆောင်ရည်ကောင်း တချို့ ပြသနိုင်ခဲ့တာကြောင့် လက်စတာ စီးတီးရဲ့ တာဝန်ရှိသူ တချို့က ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေပြီး အင်္ဂလန်ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သူ အိုဝင်ကလည်း လက်စတာဟာ ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖွယ် ရှိကြောင်း သုံးသပ်သွားခဲ့ပါတယ်။ အိုဝင်က – “ဒီရာသီမှာ ပရီးမီးယားလိဂ် အသင်းတွေက နည်းပြအပြောင်းအလဲတွေ အတော်လေး လုပ်ထားကြပါတယ်။ ကျွန်တော်ကတော့ ရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ထားတဲ့ လက်စတာက ပေါ်တာကို ခေါ်သွားမယ် ဆိုရင် အံ့ဩမိမှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးကလည်း ရော်ဂျာကို နည်းပြသစ် အဖြစ် ခန့်နိုင်ပါသေးတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။