အက်အေဖလား ချန်ပီယံ လက်စတာစီးတီးအသင်းကတော့ စပိန်လာလီဂါပြိုင်ပွဲမှာ ရုန်းကန်နေရတဲ့ ဘာစီလိုနာအသင်းရဲ့ တိုက်စစ်ကစားသမား ဖီးလစ်ကော်တင်ဟိုကို လာမယ့်နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ပြီး သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ခေါ်ဆောင်လာဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီး တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ လီဗာပူးလ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပိန်မြေမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းဆီပါ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပါတယ်။ လက်ရှိမှာလည်း ဒူးဒဏ်ရာပြသာနာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းက အနားယူနေရတဲ့ ကော်တင်ဟိုဟာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲကိုပါ ဝင်ရောက်ဆင်နွဲခွင့် မရှိခဲ့ပဲ လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : FC Barcelona Noticias

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ကော်တင်ဟိုရဲ့တန်ကြေးတွေက ယူရို(၃၃)သန်းလောက်အထိကို ကျဆင်းသွားခဲ့ရပြီး ဘာစီလိုနာအသင်းဘက်ကနေလည်း တစ်ပတ်ကို ယူရို(၃)သိန်းခွဲနီးပါးလောက် ပေးချေနေရပြီး အသင်းအတွက် သိပ်အကျိုးမပြုနိုင်တဲ့ ကော်တင်ဟိုလို ကစားသမားမျိုးကို အပြီးသတ်ရောင်းထုတ်သွားချင်နေပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟိုကို လက်စတာအသင်းအပါအဝင် အဲဗာတန်နဲ့ အာဆင်နယ်တို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း အလိုရှိနေကြပေမယ့် ဒီအသင်းတွေထဲမှာ လက်စတာအသင်းကသာ ဥရောပဝင်ခွင့်ကို ရရှိထားတာဖြစ်တဲ့အပြင် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာမှာလည်း အသင်းဟောင်း လီဗာပူးလ်မှာ ကော်တင်ဟိုနဲ့ လက်တွဲခဲ့ဖူးတာဖြစ်လို့ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ရမှာ အဆင်ပြေဖွယ် ရှိနိုင်ပါတယ်။ ရော်ဂျာနဲ့ ကော်တင်ဟိုတို့ဟာ လီဗာပူးလ်အသင်းမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ဘောလုံးရာသီကဆိုရင်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ပါ အနီးစပ်ဆုံး အခြေအနေအထိကို ရောက်ရှိခဲ့ပါသေးတယ်။ ဒီလို အခြေအနေတွေ ရှိခဲ့ဖူးတဲ့ ဆရာတပည့်(၂)ဦး လက်စတာအသင်းမှာ ထပ်မံဆုံစည်းခွင့် ရနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။