ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၄)အတွင်းမှာ ဆက်လက်ရပ်တည်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကိုလည်း မျှော်လင့်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေနိုင်အောင် ကြိုးပမ်းနေတဲ့ လက်စတာအသင်းနဲ့ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ကြိုးစားအားထုတ်လို့နေတဲ့ ရှက်ဖီးယူနိုက်တက်အသင်းတို့ ကင်းပါဝါကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြရာ လက်စတာက (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်လက်စတာဘက်မှာ ပါရဲရား မက်ဒီဆန် ချီဝဲလ်တို့ မပါဝင်နိုင်ခဲ့သလို ဆိုရန်ဂူကလည်း ပွဲပယ်ခံနေရတာကြောင့် လူစာရင်းအတွင်းမှာ သောမတ်စ်ဆိုတဲ့ ချာတိတ်လေးတစ်ဦးကိုပါ အသုံးပြုလာခဲ့ရပြီး ဗာဒီ ပီရက်ဇ် ဘန်းစ် ဂျက်စတင် အမ်ဒီဒီ တိုင်လီမန်းစ် သောမတ်စ် ဘန်နန် မော်ဂန် အီဗန် ရှမိုက်ကယ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ရလဒ်တွေ ကောင်းမွန်နေတဲ့ ရှက်ဖီးကလည်း ၃-၅-၂ ကစားကွက်နဲ့အတူ မက်ဂိုးလ်ဒရစ် မက်ဘာနေး စတီဖန်စ် အော့စဘွန် နော်ဝုဒ် ဘာဂါ ဘယ်ဒေါ့ အိုကွန်နယ် အီဂန် ဘက်စ်ရှန် ဟန်ဒါဆင်တို့ကို အသုံးပြုလာခဲ့ပါတယ်။ လက်စတာက ပထမပိုင်းအစကတည်းက ရှက်ဖီးဘက်ကို တောက်လျှောက်ဖိအားပေးထားနိုင်ခဲ့ပြီး (၂၉)မိနစ်မှာပဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် ကစားခဲ့ရတဲ့ သောမတ်စ်ရဲ့ဖန်တီးမှုကနေ အယိုဇီပီရက်ဇ်က အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ရှက်ဖီးကတော့ ဒီနေ့ပွဲမှာ တောင်ပံတိုက်စစ်တွေ အားနည်းနေခဲ့တဲ့အတွက် လက်စတာဘက်ကို ထိုးဖောက်မှုအနည်းငယ်လေးသာ ပြုလုပ်နိုင်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာလည်း အိမ်ရှင်လက်စတာအသင်းဘက်ကနေပဲ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကို ဆက်လက်ပိုင်ဆိုင်ခဲ့ပြီး ဟာဗေးဘန်းစ် အပိုင်ကန်ချက် (၂)ကြိမ်လောက်ရရှိခဲ့ပေမယ့် ဂိုးတော့မဝင်ခဲ့သလို ဗာဒီရဲ့ကန်ချက်ကလည်း တိုင်ထိထွက်ခဲ့ရပါတယ်။ ရှက်ဖီးကတော့ မိနစ်(၆၀)ကျော်လောက်မှပဲ ပထမဆုံး ဂိုးပေါက်တည့် ခြိမ်းခြောက်မှုကို ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ထိရောက်မှုမရှိခဲ့တဲ့အပြင် မိနစ်(၈၀)မှာလည်း လူစားဝင်လာတဲ့ တောင်ပံကစားသမား ဂရေးက လက်စတာအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကိုပါ သွင်းယူခဲ့လို့ ရှက်ဖီးတို့ (၂)ဂိုးပြတ်နဲ့ကို အရေးနိမ့်လိုက်ရပါတယ်။