ဒီနောက်ပိုင်းပွဲစဉ်တွေအတွင်းမှာ နိုင်ပွဲတွေ ဆက်တိုက်ပျောက်ဆုံးနေရလို့ ချန်ပီယံလိဂ်ဝင်ခွင့်နေရာအတွက်ပါ မရေမရာဖြစ်လာခဲ့တဲ့ လက်စတာအသင်းဟာ ဒီနေ့ညမှာတော့ အမှတ်မလို ဖိအားမရှိတော့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရပြီး အိမ်ရှင်လက်စတာအသင်းက (၃)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်လက်စတာအသင်းဘက်မှာ ဗာဒီ အီယန်နာချို အယ်ဘရိုက်တန အမ်ဒီဒီ တိုင်လီမန်စ် အယိုဇီပီရက်ဇ် ချီဝဲလ် ဆိုယန်ကူ အီဗန်စ် ဂျက်စတင် ရှမိုက်ကယ်တို့နဲ့ ၄-၄-၂ ကစားကွက်ကစားကို အသုံးပြုလာခဲ့ပြီး ပဲလေ့စ်ဘက်မှာလည်း ဘန်တီကီ ဇာဟာ အယူး မီလီယိုချီဗစ် မက်စ်အာသာ ဗန်အန်ဟော့ ဆာခို ကာဟေး ဝက်တ် ဂွီတာတို့ ပါဝင်ခဲ့ပါတယ်။ အိမ်ရှင်အသင်းက ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ပဲလေ့စ်ကို ဖိအားပေး ကစားထားနိုင်ပြီး တိုက်စစ်ကိုလည်း ပိုမိုလိုက်ပါ ကစားနိုင်ခဲ့ပေမယ့်လည်း ဗာဒီဦးဆောင်လာတဲ့ တိုက်စစ်က အရင်လို ထက်မြက်မှုမရှိတော့ပဲ သွင်းဂိုးရဖို့ ရုန်းကန်နေရတာကြောင့် ပထမပိုင်းမှာ ဂိုးမရှိသရေသာ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ လက်စတာအသင်းက လိုအပ်နေတဲ့ အဖွင့်ဂိုးကို စတင်ပိုင်ဆိုင်ခဲ့ရပြီး တိုက်စစ်မှူးအီယန်နာချိုက အနီးကပ်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန်(၇၇)မိနစ်အရောက်မှာတော့ ဆာခိုရဲ့အမှားကနေတစ်ဆင့် ဟာဗေးဘမ်းစ် ဘောလုံးရသွားရာကနေ ဗာဒီဆီကို ဖန်တီးပေးရာ ဗာဒီက လက်စတာအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နာကျင်အချိန်ပိုမှာလည်း ဗာဒီကပဲ လက်စတာအတွက် ပွဲသိမ်းအနိုင်ဂိုးကို ထပ်မံသွင်းယူကာ ဂိုးပြတ်နိုင်ပွဲ ရသွားခဲ့ပါတယ်။