ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ လူခေါ်ယူမှုတွေများစွာ လုပ်ဆောင်လိမ့်မယ်လို့ ထင်ခဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ တစ်ဦးတစ်ယောက်ကိုမှ ခေါ်ယူခြင်းမရှိခဲ့တဲ့ ချယ်လ်ဆီးအသင်းက ဒီနေ့ရနာရီမှာ သူတို့ရဲ့အထက်က အဆင့်၃နေရာမှာ ရပ်တည်လို့နေတဲ့ လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၅)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ရပြီး တစ်ဖက်ကို ၂ဂိုးစီနဲ့ပဲ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Images

ဒီပွဲမှာ အိမ်ရှင်လက်စတာအသင်းက ၄-၁-၄-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီး ဗာဒီ ပီရက်ဇ် မက်ဒီဆန် တိုင်လီမန်းစ် ဟာဗေးဘမ်းဟ် ချောင်ဒူရီ ပယ်ရဲရား အီဗန်စ် ဆိုယန်ဂျူ ချီဝဲလ် ရှမိုက်ကယ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ဧည့်သည်ချယ်လ်ဆီးအသင်းကလည်း ၄-၃-၃ ကစားကွက်နဲ့ကိုသာ အသုံးပြုလာခဲ့ကာ ပတ်ဒရို အေဘရာဟမ် အိုဒွိုင်း မေဆန်မောင့် ဂျော်ဂျင်ဟို ကန်တီ အက်စ်ပလီကွယ်တာ ရူဒီဂါ ခရစ္စတန်ဆန် ရီးစ်ဂျိမ်းစ် ကာဘယ်ရယ်လိုတို့နဲ့ ပွဲထွက်လာခဲ့ကာ သူတို့ရဲ့ ပင်တိုင်ဂိုးသမားကယ်ပါကို ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ ပထမပိုင်း ပွဲအစပိုင်းလောက်မှာ ဧည့်သည်ချယ်လ်ဆီးအသင်းက ပိုဖိအားပေးနိုင်ခဲ့ပေမယ့် အိုဒွိုင်း အေဘရာဟမ်တို့ရဲ့ဂိုးကန်ချက်လွဲချော်မှုတွေ ဖြစ်နေရသလို အေဘရာဟမ်ကို ဆိုယွန်ဂျူ ပြစ်ဒဏ်ကျူးလွန်ရာမှာ ပင်နယ်တီပေးဖို့ ဒိုင်ကငြင်းဆန်ခဲ့ပါတယ်။ အိမ်ရှင်အသင်းကတော့ မိနစ်၂၀လောက်ကနေစတင်ပြီး တိုက်စစ်ပိုင်းကို ပြန်လည်စတင်ကစားလာနိုင်ကာ နှစ်သင်းလုံး အခွင့်အရေးတွေကိုယ်စီ ရရှိခဲ့ပေမယ့်လည်း သွင်းဂိုးတွေတော့ မမြင်တွေ့ခဲရပါဘူး။

Photo Credit : Getty Images

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ချယ်လ်ဆီးတို့ ထောင့်ကန်ဘောကန်ခွင့်ရရှိခဲ့ပြီး အဲ့ဒီကနေတစ်ဆင့် ရူဒီဂါက အသင်းအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးရဲ့ဦးဆောင်မှုက သိပ်မကြာလိုက်ပဲ ၅၄မိနစ်မှာ ဒီနောက်ပိုင်း လက်စတာအတွက် သွင်းဂိုးတွေ ဆက်တိုက်ရယူပေးနေတဲ့ ဟာဗေးဘမ်းစ်က ဘယ်ခြမ်းကနေ လှလှပပ သွင်းယူခဲ့ပြီး ပြန်လည်ချေပခဲ့ပါတယ်။ ချေပဂိုးရပြီးတဲ့နောက် ပိုပြီးစိတ်အားတတ်လာခဲ့တဲ့ လက်စတာက ၆၅မိနစ်မှာပဲ ဦးဆောင်ဂိုးကိုပါ ထပ်မံပိုင်ဆိုင်ခဲ့ပြီး မလိုအပ်ပဲ ဘောလုံးထွက်ဖမ်းဖို့ ကြိုးစားခဲ့တဲ့ ကာဘာရယ်လိုလိုကြောင့် လက်စတာဘယ်နောက်ခံလူ ဘင်ချီဝဲလ်က သာသာယာယာ ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချယ်လ်ဆီးကလည်း အခွင့်အရေးရတိုင်း အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ရ၁မိနစ်မှာ ရူဒီဂါကပဲ မေဆန်မောင့်ရဲ့ဖရီးကစ်ကနေတစ်ဆင့် ခေါင်းတိုက်သွင်းဂိုးနဲ့ ပြန်လည်ချေပခဲ့ပါသေးတယ်။ သရေပြန်ကျသွားချိန်မှာ နှစ်သင်းလုံး အကြိတ်အနယ်ပြန်ဖြစ်သွားခဲ့ရပြီး ဦးဆောင်ဂိုးရအောင် အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့် ဂိုးမရတော့ပဲ သရေနဲ့ပဲ ပြီးဆုံးသွားခဲ့ရပါတယ်။